ဒီကလန် ရိုက်စ်အစား အင်တာကြယ်ပွင့်ကို ဂန်းနားတို့ ခေါ်ယူသင့်တဲ့အကြောင်းအရင်း ၉ ခု
ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်အစား အင်တာမီလန်ကွင်းလယ်ကြယ်ပွင့် နီကိုလို ဘာရယ်လာကို ခေါ်ယူခြင်းအားဖြင့် အာဆင်နယ်အသင်းအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေနိုင်ပါတယ်။
ဘာရယ်လာရဲ့ နေရာစုံကစားနိုင်စွမ်း၊တိုက်စစ်ပိုင်း ပါဝင်ပတ်သက်နိုင်စွမ်း၊ ဘောလုံးပေးပို့နိုင်တဲ့ အရည်အချင်း၊ ခွန်အား၊ အကြမ်းခံနိုင်စွမ်းက ၎င်းကို ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာ ဖြစ်လာစေတာ ဖြစ်ပါတယ်။
အဲဒီအပြင် ဘာရယ်လာဟာ အာတီတာရဲ့ ကစားကွက်ထဲမှာလည်း အံဝင်မယ့်သူဖြစ်ပြီး စျေးတန်းအားဖြင့်လည်း ပိုမို စျေးသင့်တာက အင်တာမီလန်ကြယ်ပွင့်ကို အာဆင်နယ်ရဲ့ ကွင်းလယ်အတွက် အလားအလာရှိတဲ့ ခေါ်ယူမှုဖြစ်လာစေတာဖြစ်ပါတယ်။
၁။ နေရာစုံ ကစားနိုင်စွမ်း
ဘာရယ်လာရဲ့ ကွင်းလယ် ၃ နေရာစလုံးမှာ ကစားနိုင်စွမ်းက အာဆင်နယ်ကို ၎င်းတို့ရဲ့ ကွင်းလယ်မှာ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်စွမ်းနဲ့ အရည်အသွေးတွေကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
၂။ တိုက်စစ်မှာ ပါဝင်ပတ်သက်နိုင်စွမ်း
အီတလီကွင်းလယ်ကစားသမားဟာ အင်တာမီလန်မှာ တိုက်စစ်ပိုင်းမှာ အထင်ကြီးဖွယ် ပါဝင်ပတ်သက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာရယ်လာရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေမှာ ပါဝင်ပတ်သက်နိုင်စွမ်းရှိမှုက အာဆင်နယ်ရဲ့ တိုက်စစ်အတွက် နောက်ထပ် ရှုထောင့်တစ်ခု ထပ်တိုးစေမှာဖြစ်ပါတယ်။
၃။ ဘောလုံးပေးပို့နိုင်တဲ့ အရည်အချင်း
အီတလီကွင်းလယ်ကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး မျှောထိုးပေးပို့မှုတွေနဲ့ အဓိကကျတဲ့ ပေးပို့မှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဘာရယ်လာရဲ့ တိကျသေချာတဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းက ဂန်းနားတွေရဲ့ တိုက်စစ်စတင်မှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး အသင်းဖော်တွေအတွက်လည်း ဂိုးသွင်းခွင့်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
၄။ ခွန်အားနဲ့ အကြမ်းပတမ်းကစားနိုင်စွမ်း
လူကောင်သေးသွယ်ပေမယ့်လည်း ဘာရယ်လာဟာ အင်တိုက်အားတိုက်နဲ့ ခပ်ကြမ်းကြမ်းကစားပုံကြောင့် လူသိများပြီး ၎င်းရဲ့ ဘောလုံးရရှိဖို့ ဖိအားပေးနိုင်တဲ့အရည်အချင်းက အာတီတာရဲ့ ပြိုင်ဘက်ကွင်းဘက်ခြမ်းအထိ တက်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးကစားပုံနဲ့ ကောင်းကောင်း အံဝင်မှာဖြစ်ပါတယ်။
၅။ ဥရောပ အတွေ့အကြုံ
အင်တာမီလန်ကွင်းလယ်ကစားသမားဟာ အီတလီနဲ့ ယူရိုဖလားအနိုင်ရရှိခဲ့တဲ့အပြင် အမြင့်မားဆုံး အဆင့်အတန်းမှာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့သူဖြစ်ပြီး ပွဲကြီးတွေနဲ့ ဖိအားများတဲ့ အခြေအနေတွေမှာ အာရုံစူးစိုက်နိုင်စွမ်းက မြောက်လန်ဒန်ကလပ်အသင်းအတွက် ချန်ပီယံလိဂ်လိုမျိုး ပြိုင်ပွဲတွေမှာ အကျိုးအမြတ်ဖြစ်စေမှာဖြစ်ပါတယ်။
၆။ အကြမ်းခံနိုင်စွမ်း
နီကိုလို ဘာရယ်လာဟာ ထူးထူးခြားခြား အကြမ်းခံနိုင်စွမ်းရှိတဲ့ ကစားသမားဆိုတာကို သက်သေပြသခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အင်တာမီလန်အတွက် ၃ ပွဲသာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အီတလီကွင်းလယ်ကြယ်ပွင့်ရဲ့ ကြံ့ခိုင်မှု ပြည့်ဝနေအောင် လုပ်နိုင်စွမ်းနဲ့ အချိန်တိုင်း ပွဲထွက်လူစာရင်းမှာ ရွေးချယ်နိုင်မှုက အာတီတာရဲ့ ကွင်းလယ်ကို တည်ငြိမ်မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
၇။ ကိန်းဂဏန်းပိုင်းအရ စွမ်းဆောင်ရည်
ဘာရယ်လာရဲ့ ကိန်းဂဏန်းပိုင်းအရ စွမ်းဆောင်ရည်ဟာ အထူးသဖြင့် ဘောလုံးကို တိုက်စစ်အထိ သယ်ဆောင်သွားနိုင်စွမ်းနဲ့ ဂိုးကန်သွင်းခွင့်ဖန်တီးနိုင်တဲ့ လှုပ်ရှားမှုဟာ ကွင်းလယ်ကစားသမားတွေထဲမှာဆိုရင် မြင့်မားတဲ့အဆင့်မှာ ရှိနေတာဖြစ်ပါတယ်။ အီတလီကွင်းလယ်ကစားသမားရဲ့ ကိန်းဂဏန်းတွေက အသင်းကို တိုက်စစ်ဆင်နိုင်အောင် ဦးဆောင်မောင်းနှင်ပေးရာမှာ အကျိုးသက်ရောက်မှုရှိမှုနဲ့ ဂိုးသွင်းယူဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်မှုကို ညွှန်ပြနေတာဖြစ်ပါတယ်။
၈။ ပြောင်းရွှေ့ကြေး
ဒီကလန် ရိုက်စ်ရဲ့ ပေါင်သန်း ၁၀၀ နဲ့ နှိုင်းယှဉ်ရင် ဘာရယ်လာဟာ ယူရို ၇၅ သန်းဝန်းကျင်လောက်သာ ကျသင့်မှာဖြစ်တာကြောင့် အာဆင်နယ်အတွက် စျေးကြီးမပေးဘဲ အကျိုးသက်ရောက်မှု ရှိတဲ့ ရွေးချယ်စရာအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါက အသင်းကို အခြားနေရာတွေမှာ အင်အားဖြည့်တင်းဖို့အတွက် ပိုက်ဆံအပိုထွက်လာစေနိုင်ပြီး အသင်းကို ရနိုင်သလောက် အင်အားဖြည့်တင်းချင်နေတဲ့ အာတီတာအတွက် အကြိုက်ဖြစ်ပါတယ်။
၉။ အသက်အရွယ်
၂၀၂၆ ခုနှစ်အထိ အင်တာမီလန်နဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဘာရယ်လာဟာ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတာကြောင့် ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေသူဖြစ်ပြီး အာဆင်နယ်ကို ရောက်ရောက်ချင်း ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်မှာဖြစ်သလို လာမယ့်နှစ်တွေအတွက်လည်း ဂန်းနားတွေရဲ့ကွင်းလယ်ကို တည်ငြိမ်မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis