ထရော့စ်ဆာ့ဒ်ရဲ့ အလန်းစားခြေစွမ်းနဲ့အတူ ဖူလ်ဟမ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှ ထူးထူးခြားခြားပြောစရာ ၇ ချက် admin

ထရော့စ်ဆာ့ဒ်ရဲ့ အလန်းစားခြေစွမ်းနဲ့အတူ ဖူလ်ဟမ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှ ထူးထူးခြားခြားပြောစရာ ၇ ချက်

အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ လျင်မြန်လှတဲ့ စွမ်းဆောင်ရည်နဲ့အတူ ဖူလ်ဟမ်ကို အလဲထိုးခဲ့ပြီး ဆုဖလားပြိုင်ပွဲမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း ၁၇ မိနစ်မှာ မာတီနယ်လီရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်စစ်ကစားပုံအပြီးမှာ အန်တိုနီ ရော်ဘင်ဆင်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီးနောက် VAR က ကြားဝင်ပြီး ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဂါဘီလတ်က ထောင့်ကန်ဘောကနေ လီအန်ဒရို ထရော့ဆာ့ဒ်ရဲ့ သေသပ်တဲ့ပေးပို့မှုကနေ ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာ မာတီနယ်လီက ထရော့ဆာ့ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ပြန်လမ်းမရှိတဲ့ပွဲတစ်ပွဲ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ နေရာစုံကစားနိုင်တဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပထမပိုင်းမပြီးခင်မှာပဲ နောက်ထပ် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပြီး ပင်နယ်တီဧရိယာထောင့်စွန်းက မာတင် အော်ဒီဂွါဒ်အတွက် ဂိုးဖန်တီးနိုင်ဖို့ နေရာလွတ်ရှာတွေ့ခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်က တည်ငြိမ်တဲ့ အဆုံးသတ်နဲ့ ပွဲသိမ်းပေးခဲ့တာဖြစ်ပါတယ်။

လန်ထွက်နေတဲ့ ထရော့ဆာ့ဒ်

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ထရော့ဆာ့ဒ်ဟာ အာဆင်နယ်ရဲ့ထိပ်တန်းပစ်မှတ်တွေထဲမှာ မပါဝင်ခဲ့ပေမယ့်လည်း ဘရိုက်တန်ကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာက တော်တော်လေး တန်တယ်ဆိုတာကို သက်သေပြသနိုင်ခဲ့တာထက်တောင် ပိုနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ထရော့ဆာ့ဒ်ဟာ နောက်ထပ်တစ်ကြိမ် false nine အဖြစ် အသုံးပြုခြင်းခံခဲ့ရပြီး ဖူလ်ဟမ်ကို နာလန်မထူနိုင်အောင် ဒုက္ခတွေပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ အနိုင်ဂိုး ၃ ဂိုးစလုံးကို ပထမပိုင်းအတွင်းမှာ ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဝေးကွင်းပွဲစဉ် ပထမပိုင်းအတွင်း ဂိုးဖန်တီးမှု ဟက်ထရစ်ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ နောက်ုဆုံး ၄ ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကို ၅ မှတ်အကွာမှာပဲ နေခိုင်းခဲ့တဲ့ ဂန်းနားများ

ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်ကိုသာ နောက်ကနေ အနိုင်လိုက်မကစားနိုင်ခဲ့ရင် ၁၉ နှစ်ကြာ ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်ကို လက်လွှတ်ခဲ့ရမှာဖြစ်ပြီး အဲဒီပွဲက စွမ်းဆောင်ရည်ဟာ ချန်ပီယံဖြစ်မယ့်အသင်းဆိုတာကို သက်သေခံခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့က ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း အာတီတာရဲ့ အသင်းဟာ ဂွါဒီယိုလာရဲ့အသင်းကို ၅ မှတ်အကွာမှာပဲ ဆက်နေဖို့ ပြောခဲ့တာဖြစ်ပါတယ်။

တည်ကန်ဘော အလှည့်အပြောင်း

တည်ကန်ဘောတွေက ကြာသပတေးနေ့ညက အာဆင်နယ်ရဲ့ ဟာကွက်ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြသခဲ့ပေမယ့် ဂန်းနားတွေဟာ ခရာဗင် ကော့တေ့ချ်က ပွဲမှာ တူညီတဲ့ပုံစံအတိုင်း အဖွင့်ဂိုးကို သွင်းယူပြခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ် မာဂါလိုင်စ်ဟာ ပင်နယ်တီဧရိယာထဲက လူတွေအားလုံးထက် အမြင့်ခုန်ပြီး အသင်းဖော်ဟောင်း ဘန်းဒ် လီနိုကို အလဲထိုးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ တည်ကန်ဘောတွေကို ခုခံရာမှာ ကောင်းမွန်သလို တိုက်စစ်ဆင်ရာမှာလည်း ကောင်းမွန်တယ်ဆိုတာကို အမြင့်ဘောခြိမ်းခြောက်မှု အများအပြားပြုလုပ်ပြီး ပြသခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ကို ယှဉ်မရခဲ့တဲ့ ဖူလ်ဟမ်

အာဆင်နယ်ရဲ့ အထင်ကြီးဖွယ် ပထမပိုင်းက စွမ်းဆောင်ရည်ဟာ တနင်္လာနေ့က ဘရန့်တ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်စရာရက်သတ္တပတ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖူလ်ဟမ်အတွက် ဆိုးရွားတဲ့ရက်သတ္တပတ်ကို ပိုင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ချန်ပီယံရှစ်ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် မျှော်မှန်းချက်တွေအားလုံးထက် ကျော်လွန်ခဲ့ပြီး နည်းပြ မာကို ဆေးလ်ဗားလက်အောက်မှာ ဥရောပဝင်ခွင့်နဲ့ အမှတ်ရစရာ ရာသီကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိနေဆဲဖြစ်ပေမယ့် အာဆင်နယ်နဲ့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေအတွက် ပြန်လာခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇု အာဆင်နယ် အရန်ခုံတန်းပေါ် ပြန်ရောက်လာတာက ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အားတက်စရာဖြစ်လာခဲ့ပေမယ့်လည်း ခရာဗင် ကော့တေ့ချ်မှာ အာဆင်နယ်အသင်းက ဘရာဇီးလ်တိုက်စစ်မှူးကို ထည့်သုံးဖို့တောင် မလိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ နိုဝင်ဘာလကတည်းက အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပြီး အာတီတာဟာ ပွဲကစားချိန်ပြီးဆုံးခါနီးမှာ အနိုင် ၃ မှတ်သေချာနေပြီဖြစ်တာကြောင့် ဂျေးဇုကို ကွင်းထဲ ပြန်ခေါ်နိုင်မယ့် အခွင့်အရေးကို အမိအရ အသုံးချခဲ့တာဖြစ်ပါတယ်။ ဂျေးဇုဟာ လာမယ့်ရက်သတ္တပတ်တွေမှာ ပိုမို သိသာထင်ရှားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမှာဖြစ်ပြီး မန်စီးတီးရဲ့ အထက်မှာပဲ ဆက်နေချင်တဲ့ ဂန်းနားတွေရဲ့ ရည်မှန်းချက်အတွက် ဘရာဇီးလ်တိုက်စစ်မှူး ပြန်လည်ပါဝင်ကစားပေးနိုင်မှုက ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ် သမိုင်းမှာ စံချိန်သစ်တစ်ခု ထပ်တင်လိုက်နိုင်ပြန်တဲ့ ဂန်းနားများ
အာဆင်နယ်အသင်းဟာ ယနေ့ညနေ လန်ဒန်ဒါဘီအဖြစ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အင်္ဂလန်ပရီးမီးယားလိဂ်သမိုင်းမှာစံချိန်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီမှာ ခရစ္စတယ် ပဲလေ့စ်၊ ဘရန့်တ်ဖို့ဒ်၊ ချဲလ်ဆီး၊ စပါးစ်တို့ရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တွေမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယနေ့ညနေ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာပါ အနိုင်ရရှိခဲ့တဲ့အတွက် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးသမိုင်းမှာ လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ် ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။ အာဆင်နယ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပေးဂိုးမရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့လို့ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ကာ ပေးဂိုးမရှိပွဲစဉ် ၁၂ ပွဲရှိထားတဲ့ နယူးကာဆယ်လ်နဲ့အတူ ပေးဂိုးမရှိ အများဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်လိုက်နိုင်ပြီဖြစ်ပါတယ်။


ရင့်ကျက်မှုကိုပြပြီး ပွဲ ၁၀၀ ပြည့်နိုင်ပွဲကို လှပစွာ ပိတ်သိမ်းနိုင်ခဲ့သည့် နည်းပြအာတီတာ
ပထမပိုင်းမှာ ၃ ဂိုးပြတ်သွင်းနိုင်ဖို့ဆိုတာ ပရီးမီးယားလိဂ်မှာ အသင်းအနည်းငယ်သာ တတ်နိုင်သည့် စွမ်းဆောင်ရည်တစ်ခုပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနှင့် လာမည့် ပွဲကြပ်ကာလများကို ဖြတ်ကျော်ရမှာ ဖြစ်သည့်အတွက် ပထမပိုင်းတွင် အနိုင်ရလဒ်ပြတ်သားပြီးသည့် ဂန်းနားများဟာ လက်ကျန်ဒုတိယပိုင်းကို သက်တောင့်သက်သာ ကျော်ဖြတ်ဖို့ ပါးနပ်စွာ ဦးတည်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာ ဖူလ်ဟမ်အသင်းရဲ့ ချေပဂိုးရရှိရန် ထိုးဖောက်တိုက်စစ်ဆင်လာနိုင်မှုကို မျှော်လင့်ထားတဲ့ ဂန်းနားများဟာ ခံစစ်ကို အဓိကထားကစားပြီး ဖူလ်ဟမ်တိုက်စစ်ကို အကောင်းဆုံး ခုခံကာကွယ်ကာ အခွင့်အရေးများရရှိလာမှသာ တန်ပြန်တိုက်စစ်ဆင်မှုကို ပြုလုပ်ခဲ့ပါတယ်။ နည်းပြအာတီတာ၏ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီး အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်ရဲ့ တိုက်စစ်ဆင်လာမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ပေးဂိုးတစ်ဂိုးမှ ပြန်မပေးရကာ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အာတီတာ၏ ပွဲ ၁၀၀ ပြည့်နိုင်ပွဲကို ၃ ဂိုး ဂိုးမရှိရ အနိုင်ဖြင့် ပိတ်သိမ်းနိုင်ခဲ့ပါတယ်။