တန်ဆင်းဇုန်ထဲ မရောက်အောင် အားကုန်ရုန်းမယ့် အဖြူရောင်တွေကို သတိကြီးကြီးနဲ့ နှိမ်နင်းမယ့် အိမ်ရှင်ဂန်းနားများ
နိုင်ငံတကာပွဲမစမီ ခြောက်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးအသင်းထက် တပွဲပိုကစားပြီး အမှတ်ပေးဇယားထိပ်တွင် ရှစ်မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်အသင်းကတော့ နောက်ဆုံးပွဲမှာ အိမ်ကွင်းမာတဲ့ ဝုလ်ဗ်စ်အသင်းအိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပေမယ့် အိမ်ရှင်တွေကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး တန်ဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ကာ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရပ်တည်လာနိုင်ပေမယ့် တန်းဆင်းဇုန်နဲ့ ရမှတ် ၂ မှတ်သာ ကွာဝေးသေးတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို ၂၀၀၃ ခုနှစ် မေလက ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ၁၁ ပွဲနိုင် ၂ ပွဲ သရေ ရလဒ်တွေနဲ့ ၁၃ ပွဲတိတိ လိဒ်စ်အသင်းကို မရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းရှိသလို ယခုရာသီလိဒ်စ်အသင်းကွင်းမှာလည်း ဆာကာရဲ့တစ်လုံးတည်းသော ဂိုးဖြင့် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ယူထားခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်အသင်းအနေနဲ့ အဓိကအားထားရတဲ့ နောက်တန်းဗဟိုခံစစ်ကစားသမား ဆာလီဘာ ဒဏ်ရာကြောင့် ယခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာရထားခဲ့တဲ့ အန်ကီးတီးယားလည်း ယခုပွဲကို ဆက်လက်လွဲချော်ဦးမှာ ဖြစ်ပြီး နိုင်ငံတကာပွဲတွင် ဒဏ်ရာအနည်းငယ်ရခဲ့တဲ့ သောမတ်စ် ပါတေးနဲ့ တီယာနီတို့ကတော့ ယနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ပြန်လည်ပါဝင်လာနိုင်တဲ့အတွက် နည်းပြအာတီတာအတွက် အနည်းငယ်စိတ်အေးခဲ့ရတာဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်အသင်းဘက်မှာ ပထမအသင်းကစားသမား ၅ ဦးအထိ မပါဝင်ဘဲ လာရောက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရပြီး တိုင်လာ အဒမ်စ်၊ စတူးဝပ် ဒါးလက်စ်၊ အဒမ် ဖောရှောတို့ လွဲချော်မှာဖြစ်တယ်လို့ ဂရာစီယာက အတည်ပြုပြောကြားခဲ့ပါတယ်။ ဝီးလ်ဖရက်ဒ် ဂနွန်တိုနဲ့ မက်ဆီမီလီယန် ဝိုဘာတို့ကလည်း နိုင်ငံတကာပွဲမှ ဒဏ်ရာရခဲ့ပြီး ကြံ့ခိုင်မှုစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုနေပြီး ပါဝင်နိုင်ဖို့ မသေချာသေးဟု သိရှိရပါတယ်။
ဒါပေမယ့် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဂိုးသွင်းအများဆုံးကစားသမား ရိုဒရီဂိုကတော့ ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲမှာ လူစားဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်- ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဟိုးဒင်း၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ပါတေး၊ ချာကာ၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။
လိဒ်စ်ယူနိုက်တက်- မေလီယေး၊ ဗိုဘာ၊ ကို့ချ်၊ အေးလင်း၊ ဂျူနီယာ ဖာပို၊ မက်ကင်နီ၊ အာရွန်ဆန်၊ ဆမ်းမားဗီးလ်၊ ဟာရစ်ဆန်၊ ဘမ်ဖို့ဒ်။
ပွဲကြိုသုံးသပ်ချက်
အာဆင်နယ်နှင့် လိဒ်စ်ယူနိုက်တက် နှစ်သင်းစလုံးမှာ ဒဏ်ရာပြဿနာတွေရှိနေသော်လည်း ဆာလီဘာနေရာတွင် ဟိုးလ်ဒင်းက အားဖြည့်ပေးထားနိုင်မှာ ဖြစ်ပေမယ့် ဂနွန်တိုသာ ကြံ့ခိုင်မှုမပြည့်ဝလို့ မပါဝင်နိုင်ခဲ့ရင် လိဒ်စ်အသင်းအတွက် အားနည်းသထက် အားနည်းသွားမှာ ဖြစ်ပါတယ်။
နည်းပြသစ် ဂျာဗီ ဂရာစီယာ ရောက်ရှိလာပြီးနောက် နိုင်ပွဲတွေပြန်ရရှိလာပြီး အဆင့် ၁၄ မှာ ရောက်ရှိနေပေမယ့် ယခုပွဲရှုံးလျှင် တန်းဆင်းဇုန်ထဲ ပြန်လည်ရောက်ရှိမှာဖြစ်တဲ့ အဖြူရောင်များဟာ အစွမ်းကုန်ရုန်းကန်ဒုက္ခပေးမှာ ဖြစ်ပေမယ့် ဆာလီဘာတစ်ဦးသာ လွဲချော်ဖွယ်ရှိပြီး ဂိုးဆာလောင်နေတဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇုကို ပွဲထွက်ခွင့်ပေးလာမယ့် အာတီတာနဲ့ စိတ်ဓာတ်ထိပ်ဆုံးရောက်နေတဲ့ ဂန်းနားများကပဲ အမ်းမရိတ်မြေမှာ အမြောက်သံတွေ စည်စည်ကားကား ပစ်ဖောက်နှိမ်နင်းပြီး ပွဲကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်မြန်မာ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ လိဒ်စ်ယူနိုက်တက်)
ပေါလ်မာဆန်ရဲ့ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၄-၁ လိဒ်စ်ယူနိုက်တက်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ လိဒ်စ်ယူနိုက်တက်)
90 မိနစ်ရဲ့ ခန့်မှန်းချက် – (အာဆင်နယ် ၃-၀ လိဒ်စ်ယူနိုက်တက်)
Arsenal Myanmar
Photos Credit
- Posted In:
- Articles