ဇာဗီ ဆိုင်မွန်ကို အာဆင်နယ်တို့ ခေါ်ယူမှာသေချာတဲ့ အကြောင်းအရင်း ၄ ခု
နယ်သာလန်မှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ပီအက်စ်ဗွီ ကြယ်ပွင့် ဇာဗီ ဆိုင်မွန်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒတ်ချ်ကြယ်ပွင့်ဟာ ယခုရာသီ ဒတ်ချ်လိဂ်မှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ဥရောပထိပ်တန်းကလပ်အသင်း အများအပြားကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအကယ်ဒီထွက်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ်မှာ ပီအကစ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပီအက်စ်ဗွီနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး ဆိုင်မွန်ရဲ့ စာချုပ်ထဲမှာ ပီအက်စ်ဂျီက ဆန္ဒရှိရင် ကစားသမားကို ယူရို ၁၂ သန်းနဲ့ ပြန်ခေါ်နိုင်တယ်ဆိုတဲ့အချက်လည်း ပါဝင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပီအက်စ်ဂျီက ဇာဗီ ဆိုင်မွန်ကို ပီအက်စ်ဗွီကနေ ပြန်လည်ခေါ်ယူလိုတဲ့ လက္ခဏာ မရှိသလောက် နည်းပါးနေတာ ဖြစ်ပြီး ဘာကြောင့် ဂန်းနားတွေက ဒတ်ချ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေလဲဆိုတဲ့အကြောင်းအရင်း ၄ ခု ရှိနေပါတယ်။
၁။ ဇာဗီ ဆိုင်မွန်ရဲ့အေးဂျင့်
ပြီးခဲ့တဲ့ တစ်လမပြည့်ခင်လောက်မှာ ဇာဗီ ဆိုင်မွန်ဟာ ရာဖယ်လာ ပီမန်တာဆီက ၎င်းရဲ့ ကိုယ်စားလှယ်ကို ပြောင်းလဲခဲ့ပြီး ဒါရင်း ဒိန်းကို ခန့်အပ်ခဲ့တာဖြစ်ပြီး အဲဒီအေးဂျင့်ကတော့ အာဆင်နယ်ဒုဥက္ကဌဟောင်းရဲ့ သားဖြစ်တာကြောင့် ဂန်းနားတွေ သဘောတူညီမှု ရရှိအောင် တစ်ဖက်တလမ်းက အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ဇာဗီ ဆိုင်မွန်ရဲ့ အေးဂျင့်ဟာ အာလင်း ဟာလန်း၊ ဒီလစ်တ်တို့အပါအဝင် ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့ကို မီနို ရွိုင်းအိုလာ ကွယ်လွန်ပြီးနောက် အမွေဆက်ခံခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဗွီ နည်းပြဟောင်း အက်ဒီမို့စ်က အေးဂျင့်အပြောင်းအလဲဟာ အသင်းသစ်ရှာဖွေဖို့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဆိုင်မွန်ဟာ ဖာဘရီဂတ်စ်၊ အဲလက်စ် ဆောင်း၊ ကလစ်ချီတို့လို အာဆင်နယ်ကစားသမားဟောင်းတွေအပြင် ဒန်းနစ် ဘားကမ့်ရဲ့သား မစ်ချယ် ဘားကမ့်တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ပူးပေါင်းခဲ့တာဖြစ်ပြီး အဲဒါက ဒတ်ချ်ကြယ်ပွင့်အနေနဲ့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။
၂။ ဆိုင်မွန်အတွက် ပရီးမီးယားလိဂ်မှာ ဆွဲဆောင်မှုအရှိဆုံးအသင်း
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီဖြစ်ပြီး အသက် ၂၀ အရွယ်ကစားသမားရဲ့ အသင်းကတော့ ခြေစစ်ပွဲအဆင့်ကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အပြင် အာဆင်နယ်ရဲ့ စိတ်လှုပ်ရှားဖွယ် စီမံကိန်းက ကမ္ဘာပေါ်က အကောင်းဆုံးအဖြစ် ယူဆရတဲ့ လိဂ်မှာ အားကောင်းတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ အာတီတာကလည်း လူငယ်ကစားသမားတွေကိုဆို မြေတောင်မြှောက်ပေးတတ်တဲ့နည်းပြအဖြစ် လူသိများတာကြောင့် ဆိုင်မွန်အတွက် အခွင့်အရေးရရှိမှာဖြစ်ပြီး စပိန်လူမျိုးနည်းပြက ဆာကာ၊ မာတီနယ်လီတို့လို လူငယ်ကစားသမားတွေကို အချိန်တိုအတွင်း ထိပ်တန်းခြေစွမ်းရရှိအောင် လမ်းပြပေးခဲ့တာဖြစ်ပါတယ်။
၃။ လူငယ်ကြယ်ပွင့်အတွက် ပြီးပြည့်စုံတဲ့ ကစားကွက်
ဆိုင်မွန်ဟာ နေရာအများအပြားမှာ ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး လာမာစီယာအကယ်ဒမီထွက် လူငယ်ကစားသမားမှန်သမျှ နေရာအားလုံးမှာ ကောင်းကောင်းကစားနိုင်ရမှာဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမားက တောင်ပံကစားသမားအဖြစ်ရော ကွင်းလယ်ဗဟိုအဖြစ်ပါ ကစားနိုင်ရမှာဖြစ်ပြီး ဆိုင်မွန်က အမ်းမရိတ်စ်ကို နေရာစုံ ကစားနိုင်စွမ်းနဲ့ ရောက်ရှိလာပြီး လိုအပ်တဲ့နေရာတွေမှာ ဖြည့်ကစားပေးနိုင်မှာဖြစ်ပါတယ်။ နေရာစုံ ကစားနိုင်တယ်ဆိုပေမယ့် ဆိုင်မွန်က ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်နဲ့ အဓိက အသုံးပြုခြင်း ခံခဲ့ရတာဖြစ်ပြီး အာဆင်နယ်ရဲ့ ကစားကွက်မှာဆိုရင် ဂျေးဇုက နောက်ချန် တိုက်စစ်မှူးအဖြစ် ကစားပေးနေတာကြောင့် ဆာကာနဲ့ မာတီနယ်လီတို့ဟာ တောင်ပံတိုက်စစ်တွေမှာ တောက်ပနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျေးဇုရဲ့ နည်းစနစ်ပိုင်းအရည်အသွေးနဲ့ အရည်အချင်းအတိုင်း ဇာဗီ ဆိုင်မွန်ကလည်း ထပ်တူ လုပ်ပြနိုင်မှာဖြစ်ပြီး ပီအက်စ်ဗွီကြယ်ပွင့်ဟာ ခံစစ်ကစားသမားတွေကြား ထိုးဖောက်ပြေးလွှားနိုင်စွမ်းနဲ့ တိုက်စစ်ဖိရာမှာလည်း အသုံးပြုနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ ပီအက်စ်ဗွီကနေ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုရင် ၂ သင်းစလုံးက ၄-၃-၃ ကစားကွက်ကို တူညီတဲ့နည်းလမ်းနဲ့ မကြာခဏ အသုံးပြုလေ့ရှိတာကြောင့် ဆိုင်မွန်အတွက် မြန်မြန်အသားကျသွားမှာဖြစ်ပါတယ်။
၄။ နွေရာသီမှာ ကြီးမားတဲ့လှုပ်ရှားမှုတွေ လုပ်မယ့် ဂန်းနားများ
အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ လာမယ့်ရာသီမှာလည်း လိဂ်ဖလားကို နောက်ထပ်စိန်ခေါ်နိုင်ဖို့ နာမည်ကြီးကစားသမားတွေကို ခေါ်ယူသွားချင်နေမှာပါ။ ဒီကလန် ရိုက်စ်နဲ့ အခြား နာမည်ကြီးကစားသမားတွေအပြင် ဆိုင်မွန်က လူစာရင်းအင်အားဖြည့်တင်းဖို့အတွက်ဆို ငွေသုံးသင့်ရင် သုံးတယ်ဆိုတာ ပရိသတ်တွေသိအောင် ပြသချင်တဲ့ အာဆင်နယ်အတွက် သက်သေတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဆိုင်မွန်ဟာ အာဆင်နယ်ရဲ့ နည်းဗျူဟာအခင်းအကျင်းနဲ့ ရင်းနှီးပြီးသားဖြစ်ပေမယ့်လည်း ဒတ်ချ်ကြယ်ပွင့်အနေနဲ့ အမ်းမရိတ်စ်ကိုသာ အမှန်တကယ်ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဇူလိုင် ၂၀ မှာ မေဂျာလိဂ်ကြယ်စင်စုအသင်းနဲ့ စတင်ရင်ဆိုင်ရမယ့် ရာသီကြိုခရီးစဉ်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့က အရေးကြီးလာမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis