ဆုဖလားရဖို့ နီးစပ်ခဲ့ပေမယ့် ဂန်းနားတွေ မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ coyg

ဆုဖလားရဖို့ နီးစပ်ခဲ့ပေမယ့် ဂန်းနားတွေ မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ

အာဆင်နယ်အသင်းဟာ ပရိသတ်တွေကို ၁၉ နှစ်ကြာ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်တော့မယ်လို့ ပရိသတ်တွေကို မျှော်လင့်ချက်ပေးပြီးမှ ဒုတိယနေရာနဲ့ပဲ နှစ်သိမ့်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ခြေစွမ်း ကျဆင်းသွားမှုမှာ အဓိကကျတဲ့ အခိုက်အတန့်တွေက ဘာတွေဖြစ်ခဲ့သလဲ ပြန်စဉ်းစားကြည့်ရအောင်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကြီး ၅ ကြီး(စပါးစ်ပါ ထည့်တွက်ရင်)နဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ အရင်လို မျှော်လင့်ချက်မရှိတဲ့အနေအထားမဟုတ်ဘဲ သူတင်ကိုယ်တင်ယှဉ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားပေးနိုင်ခဲ့တယ်။

အာတီတာရဲ့ ငယ်ရွယ်တဲ့ လူစာရင်းက အရေးကြီးတဲ့အခိုက်အတန့်တွေမှာ အားလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့ပြီး ဂျေးဇုက အော်ဒီဂွါဒ်ကို တိုက်စစ်အထိ လိုက်ပါပြီး ပြိုင်ဘက်ပရိသတ်တွေပါ လက်ခုပ်တီးရအောင် လှပတဲ့ ကန်ချက်တွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခွင့်ပေးခဲ့တဲ့ ဆာကာနဲ့ မာတီနယ်လီတို့ကို ချီးကျူးခဲ့ရပါတယ်။

ဒါတွေအားလုံးက ရာသီပြီးဆုံးခါနီးမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ ပရိသတ်တွေအတွက် စဉ်းစားရခက်စေခဲ့ပြီး ဒါတွေအားလုံး စတင်ခဲ့တာကတော့ ဧပြီလမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အန်းဖီးလို နေရာမှာ လီဗာပူးလ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အလားတူပဲ လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ပရိသတ်တွေရဲ့ အပျော်တွေ အားလုံး ပျောက်ကွယ်သွားခဲ့ရတာဖြစ်ပြီး အရေးကြီးတဲ့အဆင့်မှာ ၄ မှတ်အထိ ဆုံးရှုံးခဲ့ရသည့်တိုင်အောင် ဂန်းနားတွေက အမှတ်ပေးဇယားထိပ်ဆုံးမှာ အခြေမပျက်ရှိနေခဲ့ပါသေးတယ်။

အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်လိုအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီး ၃-၃ နဲ့ သရေ ပြန်ကစားခဲ့ရကတည်းက မန်စီးတီးနဲ့ ပွဲအတွက် ပရိသတ်တွေဆီမှာ စိုးရိမ်မှုတွေ စဝင်နေပြီ ဖြစ်ပါတယ်။ ထင်ထားတဲ့အတိုင်း မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး မတ်လမှာ စပို့တင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဆာလီဘာ ဒဏ်ရာရသွားခဲ့ပေမယ့် ပရိသတ်တွေစိတ်ထဲမှာ ၁ ပတ်ကနေ အလွန်ဆုံး ၂ ပတ်လောက်ပဲလို့ တွေးထားခဲ့ကြမှာပါ။

၂ ပတ်ကနေ ၃ ပတ်အထိ ဖြစ်လာတဲ့အချိန်မှာ လေ့ကျင့်ရေးတောင် မဆင်းနိုင်တော့ဘူးဆိုကတည်းက ဒဏ်ရာအခြေအနေ တိုးတက်မှုမရှိဘူးဆိုတာ သေချာသွားခဲ့ပြီး ခွဲစိတ်ရမယ့် သတင်းကြားရချိန်မှာတော့ ဒီရာသီတော့ ပြန်မကစားနိုင်တော့ဘူးဆိုတာကို လက်မခံချင်ဘဲ လက်ခံလိုက်ရတာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် အာဆင်နယ်က ဒီရာသီ အကောင်းဆုံး နောက်ခံလူကို ရာသီလက်ကျန်ပွဲစဉ်အားလုံးအတွက် ဆုံးရှုံးလိုက်ရတာဖြစ်ပြီး တစ်ဖက်မှာလည်း တိုမီယဆုက ဆာလီဘာနဲ့ တစ်ပွဲတည်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ လွဲချော်ပြီဆိုတဲ့ သတင်း ကြားလိုက်ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာသီကုန်တဲ့အထိ ညာသန်ဗဟိုခံစစ် ကစားသမား ၂ ဦးစလုံးကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဟိုးဒင်းက အစပိုင်းတော့ ဟုတ်မလိုလိုနဲ့ နောက်ဆုံးတော့ ကြောင်ကြာကြာရေမငုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကို ပိုဆိုးစေတာက ဇင်ချန်ကိုကလည်း ရာသီကုန်အထိ လွဲချော်မယ့် ဒဏ်ရာကို ရရှိသွားခဲ့တာဖြစ်ပြီး မတူညီတဲ့ ရှုထောင့်တွေ ယူဆောင်ပေးနိုင်တဲ့ ယူကရိန်းနောက်ခံလူကို ဂန်းနားတွေ ဆုံးရှုံးလိုက်ရတာက ဘယ်တောင်ပံ ဖြတ်ထုတ်ခံရလိုက်ရသလို ဖြစ်သွားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဇင်ချန်ကို မပါဝင်နိုင်မှုက ပိုသိသာခဲ့ပြီး ဂန်းနားတွေဟာ ဖလားပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် လူစာရင်းအရည်အသွေးပိုင်း အားနည်းတဲ့အပြင်ကိုမှ ဒဏ်ရာပြဿနာတွေပါ အဆင်းဘီးတပ်ပေးခံလိုက်ရတာဖြစ်ပါတယ်။

“’ကျွန်တော်တို့ရဲ့ ဦးတည်ရာက ဘာလဲ၊ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဒီအသင်းကို ဆုဖလားတွေ ရယူပေးဖို့ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီအတောအတွင်းမှာ ဖြတ်သန်းရမယ့် ခရီးလမ်းကို ပျော်ရွှင်ခံစားကြပါ”လို့ ရာသီပိတ်ပွဲစဉ်အပြီးမှာ အာတီတာက ပြောခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီအတွက် အားတက်စရာစကားဖြစ်ခဲ့ပါတယ်။

‘All or Nothing’ မှတ်တမ်းရုပ်ရှင်ထဲမှာ အာတီတာက အာဆင်နယ်ဟာ ၎င်းရဲ့ အဆင့်၅ ဆင့် စီမံကိန်းမှာ အဆင့် ၃ မှာသာ ရှိသေးတယ်လို့ ပြောခဲ့ပြီး အဲဒါက မရှင်းမလင်း ဖြစ်နေဆဲပါ။ အဆင့် ၃ ဆိုတာက ဘာလဲ။ ချန်ပီယံလိဂ်ဝင်ခွင့်လား။ ဆုဖလားအတွက် စိန်ခေါ်မှုလား။ ဒါမှမဟုတ် အခုအချိန် အသင်းရှိနေတဲ့ နေရာလား။

ဒီမေးခွန်းတွေအားလုံးဟာ အဖြေမရှိသေးပေမယ့်လည်း ဆက်သွားရမယ့် ခရီးလမ်းက တော်တော်လေး ကျန်နေသေးပြီး အလုပ်များတဲ့ နွေရာသီမတိုင်ခင် ဒီကလန် ရိုက်စ်၊ ကိုင်ဆေဒိုတို့နဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာကြောင့် နှစ်ယောက်ထဲက တစ်ယောက်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရာသီမစခင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက်သာ ရည်မှန်းခဲ့ပေမယ့်လည်း ၂၄၈ ရက်အထိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီးမှ ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတာက အာတီတာရဲ့ ငယ်ရွယ်တဲ့အသင်းအတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် အမြဲတမ်း ခြောက်လှန့်နေတော့မှာဖြစ်ပါတယ်။

အာတီတာပြောတဲ့ အဆင့် ၃ က ဒီရာသီမှာ ပြီးဆုံးသွားပြီဆိုရင် လာမယ့်ရာသီမှာ အဆင့် ၄၊ အဆင့် ၅ ကို မြင်တွေ့ရမလား၊ ဂန်းနားတွေက ဒီထက်ပိုပြီး ပြိုင်ဘက်တွေ လေးစားကြောက်ရွံ့ရလောက်တဲ့ အသင်းဖြစ်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်ပါတော့တယ်။

Arsenal Myanmar

Ref: Internet