စီးတီးကို ဘယ်လိုအနိုင်ယူရလဲဆိုတာ အာတီတာရဲ့အသင်းကို ပြသခဲ့တဲ့ ဂန်းနားလေဒီများ
အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ကစားနေကြ ၄-၃-၃ ကစားကွက်အစား ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုခဲ့ပြီး ဂိုးသမားနေရာမှာ ဒီ-အိန်ဂျလိုကိုနောက်တန်းမှာ ဆိုဇာ၊ ဝပ်ဘင်-မွိုင်း၊ မက်ကေ့ဘ်၊ မာရစ်ဇ်တို့ကွင်းလယ်မှာတော့ ဝီလီယမ်ဆန်၊ မာနမ်၊ ဗာလ်တီ၊ ဖို့ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘလက်စတင်နီးယပ်စ်ကို အထောင်တိုက်စစ်မှူးအနေနဲ့ အသုံးပြုခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ လစ်တဲနေရာအတွက် ဘိုင်ယန်ပွဲမှာ အစားထိုး အသုံးပြုခဲ့လို့ အလုပ်ဖြစ်ခဲ့တဲ့ ဝီလီယမ်ဆန်ကို နောက်တန်းဗဟိုခံစစ်မှ ကွင်းလယ်က လစ်တဲနေရာကို ယခုပွဲမှာ စတင်ပွဲထွက်ကစားစေခဲ့တာတွေ့ရပြီး ယခုပွဲလည်း အလုပ်ဖြစ်ခဲ့ပါတယ်။
ဂန်းနားလေဒီတွေဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မန်စီးတီးနဲ့ပွဲမှာလည်း အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုက အမှတ်ရစရာ ရက်သတ္တပတ်ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ကေတီ မက်ကေ့ဘ်ဟာ အာဆင်နယ်အသင်းက မန်ချက်စတာစီးတီးကို နောက်ကနေ အနိုင်လိုက်ကစားပြီး အမျိုးသမီး စူပါလိဂ်ဖလားမျှော်လင့်ချက်အသက်ဆက်ခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဂန်းနားလေဒီတွေဟာ လိဂ်ဖလားကို ရရှိခဲ့ပြီးဖြစ်ပေမယ့်လည်း အက်ဖ်အေ စူပါအမျိုးသမီးလိဂ်နဲ့ ချန်ပီယံလိဂ်များမှာပါ ဆုဖလားတွေထပ်ယူပြီး ဖလား ၃ လုံးကို ရရှိဖို့အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး မန်စီးတီးက ပထမပိုင်းစတင်ပြီး ၅ မိနစ်မှာ ကယ်လီရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ရှော သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
လော်ရန် ဟမ့်က ပထမပိုင်း ပွဲကစားချိန် နှောင်းပိုင်းမှာ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးရရှိခဲ့ပေမယ့်လည်း အနီးကပ်ကန်ချက်က ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာဖြစ်ပြီး အဲဒီလွဲချော်မှုက ဒုတိယပိုင်းမှာ ဂန်းနားတွေ ပြန်လာနိုင်ချိန်မှာ ပေးဆပ်ရမှုကြီးမားတဲ့လွဲချော်မှုဖြစ်ခဲ့တယ်ဆိုတာ သက်သေဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ၆၂ မိနစ်မှာ မက်ကေ့ဘ်က အနီးကပ်ပေးတဲ့ ဘောလခုံးကို ရရှိသွားတဲ့ မာနမ်က မန်စီးတီးပင်နယ်တီဧရိယာထဲမှာ ရှုပ်ယှက်ခတ်နေအောင် ပိတ်တားနေတဲ့ကြားမှ သွင်းယူနိုင်ခဲ့လို့ ချေပဂိုး ရရှိခဲ့ပါတယ်။
ပွဲချိန် ၇၅ မိနစ်မှာတော့ ညာထောင့်ကန်ဘောကနေ မာနမ် အနီးကပ်ထိုးပေးလိုက်တဲ့ ဘောလုံးကို မက်ကေ့ဘ်က ဂိုးဧရိယာထဲထိ ဆွဲယူလာပြီး ဘယ်ခြေနဲ့ ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့ရာ မန်စီးတီး ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တဲ့အတွက် အာဆင်နယ်အမျိုးသမီးအသင်းက အနိုင်ဂိုး ရရှိခဲ့ပါတယ်။
ကေတီ မက်ကေ့ဘ်ဟာ လွန်ခဲ့တဲ့ ၄ ရက်လောက်ကမှ ဒဏ်ရာကြောင့် ချိုင်းထောက်နဲ့ သွားလာနေခဲ့ရသူဖြစ်ပြီး ယနေ့ပွဲစဉ်မှာတော့ အသင်းအတွက် အံ့အားသင့်ဖွယ် အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း မန်စီးတီးကစားသမား ကယ်လီနဲ့ အချင်းများပြီးနောက် ပြသခြင်းခံခဲ့ရတဲ့ အဝါကတ်ကြောင့် လာမယ့် အဲဗာတန်နဲ့ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ယခုပွဲမှာ ထိပ်ဆုံး ၄ သင်းထဲမှာ အပြိုင်ဖြစ်နေတဲ့ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် အက်ဖ်အေအမျိုးသမီး စူပါလိဂ်မှာ ဒုတိယနေရာထိ တက်လှမ်းနိုင်ခဲ့သလို ထိပ်ဆုံးက မန်ယူနိုက်တက်အမျိုးသမီးအသင်းထက် တပွဲလျော့ကစား ၃ မှတ်အလို ရမှတ်ကြောင့် ချန်ပီယံဖြစ်ဖို့ အခြေအနေ ပြန်ကောင်းလာခဲ့ပြီဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။
Arsenal Myanmar
Photos Credit
- Posted In:
- Articles