စီးတီးကို ကိုယ်တိုင်ဖလားပေးခဲ့တဲ့ပွဲစဥ်က မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ coyg

စီးတီးကို ကိုယ်တိုင်ဖလားပေးခဲ့တဲ့ပွဲစဥ်က မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ

အာဆင်နယ်ဟာ စနေနေ့ညက နော်တင်[ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးကို ပရီးမိးယားလိဂ်ဖလား ပေးအပ်လိုက်ရပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ယနေ့မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပေမယ့် ဂန်းနားတွေက နော်တင်ဟမ် ဖောရက်စ်အိမ်ကွင်းမှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ဂွါဒီယိုလာရဲ့အသင်းကို ရှန်ပိန်ပုလင်း စောစောစီးစီး ဖောက်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ကစားရဖို့ သေချာသွားစေခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အာဝိုနီယီ သွင်းယူခဲ့တဲ့ဂိုးကြောင့် တန်းဆင်းရမယ့်အရေးကနေ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

၁။ ပန်းတိုင်နီးမှ ခြေချော်လဲခြင်း

အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာမှ အဆုံးသတ်သွားတာတော့မဟုတ်ဘဲ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ဆက်တိုက် သရေကျပြီး မန်စီးတီးရဲ့ ၄-၁ နဲ့ အနိုင်ယူခြင်းခံခဲ့ရတဲ့အချိန်ကတည်းက အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာဆင်နယ်ရဲ့ ပြဿနာတွေ အားလုံးကို ခြုံငုံမိစေခဲ့ပြီး လေးလံထိုင်းမှိုင်းတဲ့ ဘောလုံးပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်လာမှုကို ဖြတ်တောက်နိုင်စွမ်းမရှိခြင်း၊ အဓိကနေရာတွေမှာ အရည်အသွေးကင်းမဲ့နေခြင်း စတဲ့ မလိုလားအပ်တဲ့ အရည်အချင်းတွေအားလုံး ရှိနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးက ရှေ့ကို မရပ်မနား ချီတက်နေချိန်မှာ အာဆင်နယ်ကတော့ ခြေချော်လဲကျခဲ့ပြီး မတ်လ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်တုန်းက ဂန်းနားတွေမှ ဟုတ်ရဲ့လားလို့တောင် သံသယဝင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

၂။ ဖောရက်စ်ကို ကယ်တင်ခဲ့တဲ့ အဝိုနီယီ

နော်တင်ဟမ်ဖောရက်စ်ဟာ ယခုရာသီမှာ ကစားသမား ၂၉ ဦးလောက်အထိ ခေါ်ယူခဲ့ပြီး စတိဗ် ကူးပါးတောင် ဘယ်သူတွေဆိုတာ နာမည်အတိအကျ ပြောပြဖို့ လွယ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ကူးပါးဟာ ခြေစွမ်းပိုင်း တည်ငြိမ်တဲ့ လူစာရင်းကို အထိုင်ချနိုင်ခဲ့ပြီဖြစ်ပြီး အဲဒီလူစာရင်းမှာ အဝိုနီယီက ခေါင်ချုပ်ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနီယံ ဘာလင်ကနေ ပေါင် ၁၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ နော်တင်ဟမ် ဖောရက်စ်ဟာ ငွေကို ကောင်းကောင်း သုံးစွဲနိုင်ခဲ့ပုံပေါ်ပါတယ်။ အဝိုနီယီဟာ ဂါဘရီယဲလ်ရဲ့ ဖျက်ထုတ်မှုကနေ ညှို့သကျည်းကို ဘောလုံးထိမှန်ပြီးနောက် အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ချဲလ်ဆီးတို့ပွဲစဉ်တွေမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် လက်ရှိမှာ ၃ ပွဲအတွင်း ၅ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၃။ အာတီတာရဲ့ ချာတူးလန် နည်းဗျူဟာ

အာတီတာဟာ ပွဲထွက်လူစာရင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ခီဗီယောကို ဇင်ချန်ကိုရဲ့နေရာမှာ အသုံးပြုခဲ့ပြီး တီယာနီကို အရန်ခုံမှာ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ သောမတ်စ် ပါတေးက ညာနောက်ခံ၊ ဘန် ဝှိုက်ကို ဗဟိုခံစစ်ပို့ခဲ့တဲ့ အာတီတာရဲ့ နည်းဗျူဟာက လုံးဝအလုပ်မဖြစ်ခဲ့ဘဲ အဝိုနီယီရဲ့ အဖွင့်ဂိုးမှာ ပါတေးနဲ့ ခီဗီယောတို့ ဘယ်ရောက်နေမှန်းတောင်း မသိခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံလူဟောင်း တိုနီ အဒမ်စ်က ပထမပိုင်းအပြီးမှာ အာတီတာ ပေါက်တတ်ကရ လုပ်ခဲ့တဲ့အကြောင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ “ဘန် ဝှိုက်က ညာတောင်ပံမှာ ဆာကာနဲ့ အရမ်းကောင်းနေခဲ့ပြီး ရုတ်တရက်ကြီး သူက ပါတေးကို အဲဒီနေရာမှာ သုံးခဲ့တယ်။ ကျွန်တော်တို့ အရန်ခုံမှာ တီယာနီရှိတယ်။ အာတီတာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကျွန်တော်တို့ လာမယ့်ရာသီ ညာနောက်ခံနေရာမှာ ပါတေးကို ကစားစေချင်သလား။ ကျွန်တော်တို့ ဘန် ဝှိုက်ကို ဗဟိုခံစစ်နေရာမှာ ကစားစေချင်သလား။ ခီဗီယောကိုရော ဘယ်နောက်ခံလူအဖြစ် ကစားစေချင်ကြလား။ ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တော့ နားမလည်ဘူး။ သူတို့တွေ ပေါက်ပြီးရင်း ပေါက်နေခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။ တီယာနီကို ဒုတိယပိုင်းမှာ ခီဗီယောရဲ့နေရာမှာ လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းခဲ့ပေမယ့်လည်း အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။

၄။ နောက်ထပ် အငြင်းပွားစရာတွေနဲ့ VAR

ဂါဘရီယဲလ် ဂျေးဇုဟာ အာဆင်နယ်ကို ပင်နယ်တီ ပေးသင့်တဲ့ဖြစ်စဉ်မှာ ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အန်သိုနီ တေလာကို စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ပြသခြင်းခံခဲ့ရပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ပင်နယ်တီဧရိယာထဲမှာ ဂျိုး ဝေါ်ရဲလ်ရဲ့ ဆွဲထားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း ရုပ်သံအနှေးပြကွက်တွေမှာ ဂျေးဇုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိပြီးနောက် ထပ်တူထပ်မျှ ဒေါသထွက်ခဲ့ကြပြီး VAR က အန်သိုနီ တေလာကို ပြန်လည်စစ်ဆေးဖို့တောင် မညွှန်ကြားခဲ့တာဖြစပါတယ်။ ဂျေးဇုရဲ့ ပင်နယ်တီကို မပေးခဲ့တာက ကိုဒီ ဂက်ခ်ပိုရဲ့ အက်စတန် ဗီလာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲက လီဗာပူးလ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း VAR ရဲ့ နောက်ထပ် အငြင်းပွားစရာ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ဟောင်းဝက် ဝက်ဘ်အနေနဲ့ ရှင်းပြစရာအချို့ ရှိလာဦးမှာဖြစ်နိုင်ပါတယ်။

၅။ ချီးကျူးရမယ့် စတိဗ် ကူးပါး

ဖောရက်စ်အတွက် အနိမ့်အမြင့် အတက်အကျတွေများတဲ့ ရာသီဖြစ်ခဲ့ပြီး ရာသီကုန်ခါနီးမှာ တန်းဆင်းဇုန်တံခါးကို ပိတ်လိုက်နိုင်တာက ကူးပါးအတွက် စိတ်အေးစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ဘယ်လောက်အထိ လေ့ကျင့်သားဝနေလဲဆိုတာနဲ့ ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်စွမ်းရှိလာလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် ဖိအားတွေအများကြီးအောက်မှာ အားကောင်းတဲ့အသင်းဖြစ်လာအောင် ကစားသမားအများအပြားကို အသွင်းအထုတ် နေရာအပြောင်းအလဲတွေ လုပ်ခဲ့တဲ့ စတိဗ် ကူးပါးကိုပဲ ချီးကျူးရမှာ ဖြစ်ပါတယ်။

၆။ အသင်းဖော်တွေကို ဒေါသပေါက်ကွဲခဲ့တဲ့ ဂျော်ဂျင်ညို

ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ညာတောင်ပံက အသင်းဖော်၂ ဦးဖြစ်တဲ့ ပါတေးနဲ့ ဆာကာတို့နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်မှုကို မဖုံးကွယ်ထားခဲ့ဘဲ ဆာကာကို ညွှန်ကြားမှုအချို့ မပေးခင် စိတ်ပျက်လက်ပျက်နဲ့ လက်တွေကို လေထဲမှာ မြှောက်ခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းဟာ ပထမပိုင်းမှာ အလုပ်မဖြစ်တဲ့ ညာတောင်ပံကနေ တောက်လျှောက် ထိုးဖောက်နေခဲ့ပြီး ဘယ်တောင်ပံက အချိန်အများစုမှာ ဘာမှ ထိုးဖောက်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ အာဆင်နယ်က ခံစစ်ကနေ တိုက်စစ်စတင်ဖို့ ကြိုးပမ်းနေတာကြောင့် ဆာကာနဲ့ ပါတေးတို့ကို ကစားကွက်ထဲက ဘယ်နေရာမှာ နေရမလဲဆိုတာကို ပြောပြခဲ့ပြီး ဂန်းနားတွေဟာ အာတီတာရဲ့ အကွက်စမ်းမှုမှာ ပေါင်းစပ်ကစားနိုင်မှုကို ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ ပွဲစဉ်တလျှောက်လုံး ဒေါသတကြီး အော်ဟစ်ပြောဆိုနေခဲ့ပေမယ့်လည်း ၎င်းရဲ့ ညွှန်ကြားချက်တွေဟာ အလုပ်မဖြစ်ခဲ့ဘဲ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်က လုံးဝ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet