ငှက်ကျားတွေကို မီးကင်ပြီး စီးတီးကိုပါ ထိတ်လန့်စေခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောချင်စရာများ
အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက တတိယနေရာက နယူးကာဆယ်အသင်းကို အထင်ကြီးဖွယ် အပြင်းအထန် တိုက်ပွဲဝင်ပြီး ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ ဒီပွဲစဉ်ကို ဆုဖလားမျှော်လင့်ချက်အတွက် ဘယ်လိုခြေချော်မှုမျိုးမှ ဖြစ်လို့ မရတော့ဘူးဆိုတဲ့ စိတ်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ဟာ အဖွင့်ပွဲကစားချိန် စက္ကန့် ၉၀ မှာပဲ ဦးဆောင်နိုင်ခွင့်ရရှိဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျေကော့ဘ် မာဖီရဲ့ ဘယ်ခြေကန်ချက်က တိုင်ထိထွက်သွားခဲ့တာာဖြစ်ပြီး နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အိမ်ရှင်တွေဟာ ဂျိုလင်တန်ရဲ့ကန်ချက်ကို ခီဗီယော လက်နဲ့ထိသွားခဲ့တာကြောင့် ပင်နယ်တီ ကန်ခွင့်ရပြီလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ ဘောလုံးက ပိုလန် နောက်ခံလူရဲ့ ဒူးခေါင်းနဲ့ အရင်ဆုံး ထိမိသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒိုင်လူကြီး ခရစ္စ ကာဗနာက VAR နဲ့ တိုင်ပင်ပြီးနောက် ၎င်းရဲ့ ကွင်းတွင်း ဆုံးဖြတ်ချက်ကို လျင်လျင်မြန်မြန်ပဲ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို မာတင် အော်ဒီဂွါဒ်က ပွဲကစားချိန် ၁၄ မိနစ်မှာ ဂိုးညာဘက်အောက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း နယူးကာဆယ်က ဖိအားအများအပြားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ အာဆင်နယ်ဂိုးတိုင်ကို နောက်ထပ်တစ်ကြိမ် တုန်ခါစေခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အလက်ဇန်းဒါး အိုင်းဆက်ရဲ့ အနီးကပ်ခေါင်းတိုက်ချက်က တိုင်ထိမှန်ခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို မာတီနယ်လီ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဖေဘီယံ ရှားက ရှင်းထုတ်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။
Sky Sports အတွက် ပွဲစီစဉ်တင်ဆက်နေတဲ့ ဂယ်ရီ နဗီးက မန်ချက်စတာစီးတီးကစားသမားတွေဟာ အာဆင်နယ်အသင်းက အရေးကြီးတဲ့နိုင်ပွဲနဲ့အတူ တစ်မှတ်အကွာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာကို ကြည့်ပြီး အားလျော့တဲ့ ခံစားချက်မျိုး ခံစားခဲ့ရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
၁။ ပရီးမီးယားလိဂ်စံချိန်ကို လိုက်မီခဲ့တဲ့ အော်ဒီဂွါဒ်
အော်ဒီဂွါဒ်ဟာ နယူးကာဆယ်ကို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကြောင့် မန်ချက်စတာစီးတီးကွင်းလယ်လူ ဒီဘရိုင်းနား ရေးထိုးခဲ့တဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပြီး တစ်ရာသီအတွင်း ကွင်းလယ်ကစားသမားတစ်ဦးက ပင်နယ်တီမပါဘဲ ဂိုးပမာဏ အများဆုံးသွင်းယူနိုင်တဲ့ကစားသမား(၁၅ ဂိုး)အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အော်ဒီဂွါဒ်အနေနဲ့ လက်ကျန်ပွဲစဉ် ၃ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ဒီဘရိုင်းနားရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ပရီးမီးယားလိဂ်ရာသီမှာ သွင်းဂိုး ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ အာဆင်နယ်ကစားသမား ၂ ဦးအထိ ရှိလာတဲ့ ပထမဆုံးသောအကြိမ်လည်း ဖြစ်ပါတယ်။
၂။ ကွင်းလယ်တိုက်ပွဲ
အာတီတာက ၂ ပွဲဆက်တိုက် ပါတေးနေရာမှာ ဂျော်ဂျင်ညိုကို ပွဲထွက်စေခဲ့တဲ့အတွက် အားလုံးအံ့အားသင့်ခဲ့ကြရပြီး စောစောစီးစီးပဲ ဘောလုံးပိုင်ဆိုင်မှု မထိန်းသိမ်းနိုင်ခဲ့ကြတာကြောင့် ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျိုလင်တန်က အာဆင်နယ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးပိုင်ဆိုင်မှုအများအပြား ရရှိခဲ့ပြီး ဧည့်သည် ဂန်းနားတွေဟာ ကိုယ့်ကွင်းဘက်ခြမ်းကနေ ထွက်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အော်ဒီဂွါဒ်က သိပ်မကြာခင်မှာပဲ ပထမပိုင်းမှာ ၎င်းရဲ့ အသင်းဖော်တွေကို ၎င်းဆီကနေတဆင့် ကစားနိုင်အောင် လုပ်ဆောင်ပေးခဲ့ပြီး အိမ်ရှင်တွေအတွက် ပိုမိုခက်ခဲစေခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၆၀ပြည့်တဲ့အချိန်မှာတော့ ဂျော်ဂျင်ညိုဟာ ကွင်းလယ်ကစားသမားတွေအားလုံးထဲမှာ ဘောလုံးပေးပို့ရာမှာ အောင်မြင်မှုအများဆုံးကစားသမားဖြစ်လာခဲ့ပြီး အီတလီကွင်းလယ်ကစားသမားဟာ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာ ဖြစ်ပါတယ်။
၃။ အိုင်းဆက်နဲ့ ဝီလ်ဆင်တို့ အတူတူပွဲထွက်ခဲ့ခြင်း
ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် အက်ဒီ ဟောင်းက အိုင်းဆက်နဲ့ ဝီလ်ဆင်တို့ကို ပွဲထွက်လူစာရင်းထဲမှာ အတူတူ ပွဲထွက်စေဖို့ ရွေးချယ်ခဲ့ပြီး ပွဲမတိုင်ခင်မှာ နယူးကာဆယ်နည်းပြက ကြယ်ပွင့်တိုက်စစ်မှူး ၂ ဦးကို အသုံးပြုဖို့ ဒီပွဲက မှန်ကန်တဲ့အချိန်ဖြစ်ပြီး ဒီကစားကွက်က အလုပ်ဖြစ်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ယခုရာသီမှာ ၎င်းတို့ ၂ ဦးပေါင်း ပရီးမီးယားလိဂ် ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် အာဆင်နယ်ခံစစ်ဟာ အလုပ်များတဲ့ညနေခင်းကို ရင်ဆိုင်ရတော့မယ်ဆိုတာကို သိနေခဲ့ကြတာဖြစ်ပါတယ်။ အိုင်းဆက်က အစောပိုင်းမှာ လျင်မြန်တဲ့ အလိမ်အခေါက်စွမ်းရည်ကို ပြသခဲ့ပြီး ပထမပိုင်းအတွင်း နယူးကာဆယ် တိုက်စစ်မှူး ၂ ဦးကြား ဘောလုံးပေးပို့မှုဟာ ဘယ်သူအတွက်မှ အကျိုးသက်ရောက်မှုမရှိခဲ့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း အလားတူပဲဖြစ်ခဲ့တာကြောင့် ဝီလ်ဆင်ဟာ အန်သိုနီ ဂေါ်ဒွန်နဲ့ လူစားလဲခံခဲ့ရပြီး အက်ဒီ ဟောင်းအနေနဲ့ ဒီကစားသမား ၂ ဦးကို သိပ်မကြာခင်အချိန်အတွင်းမှာတော့ အလျင်စလို ပွဲထွက်ကစားဖို့ စဉ်းစားတော့မယ့်ပုံမပေါ်တော့တာဖြစ်ပါတယ်။
၄။ ပွဲထွက်ခွင့်နေရာကို ထိန်းသိမ်းနိုင်ခဲ့တဲ့ ခီဗီယော
ဆာလီဘာ နောက်ကျောဒဏ်ရာရရှိနေတာကြောင့် ဟိုးဒင်းဟာ ပြီးခဲ့တဲ့ ၁ လခွဲလောက် ပြင်သစ်နောက်ခံလူရဲ့နေရာမှာ အစားဝင်ကစားပေးခဲ့ရတာဖြစ်ပေမယ့်လည်း အစ်တီဟတ်က စိတ်ပျက်စရာစွမ်းဆောင်ရည်ကြောင့် အာတီတာဟာ ချဲလ်ဆီးနဲ့ပွဲမှာ တောက်ပခဲ့တဲ့ ခီဗီယောကို ၂ ပွဲဆက် ပွဲထွက်ပါဝင်ကစားခွင့်ပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီပေးရမလို ဖြစ်ခဲ့တဲ့ ခီဗီယောဟာ ဟိုးဒင်းပါဝင်ကစားပေးခဲ့ချိန်ကထက် သိသာတဲ့ တိုးတက်မှုတွေနဲ့ ဆာလီဘာ မပါဝင်နိုင်မှုကြောင့် ဂန်းနားခံစစ်မှာ ပျောက်ဆုံးနေခဲ့တဲ့ ဘောလုံးကိုင်ကစားနိုင်တဲ့ အရည်အသွေးကို ပြသခဲ့တာဖြစ်ပါတယ်။ ဖိအားပေးခံနေရချိန်မှာ ခံစစ်ကနေ တိုက်စစ်စတင်ဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်မနေခဲ့တဲ့ ခီဗီယောက အာတီတာ လိုချင်တဲ့ ခံစစ်ကစားသမားပုံစံ ကွက်တိပေါ်နေခဲ့တာဖြစ်ပါတယ်။
၅။ ပြင်းထန်တဲ့ ရန်ပွဲများ
ဇန်နဝါရီလတုန်းက ပထမအကျော့ပွဲစဉ်ကအတိုင်းပဲ ၂ သင်းကြားက တင်းမာမှုတွေဟာ ပထမဆုံးဝီစီမှုတ်ချိန်ကတည်းက သိသိသာသာ ထင်ရှားခဲ့တာဖြစ်ပြီး ဂါဘရီယဲလ် ဂျေးဇုနဲ့ ချာကာတို့ ၂ ဦးစလုံးဟာ နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာနဲ့ ပထမပိုင်းမှာ အချင်းများခဲ့ကြတာဖြစ်ပါတယ်။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ဒေါသတွေက ပွက်ပွက်ဆူနေခဲ့တာကြောင့် ကွင်းဘေးစည်းကိုပါ ကူးစက်လာခဲ့ပြီး အာတီတာနဲ့ အက်ဒီ ဟောင်းရဲ့ လက်ထောက်နည်းပြ ဂျေဆန် တင်ဒဲလ်တို့ဟာ မကြာခဏ အော်ဟစ်နေတာကြောင့် စတုတ္ထဒိုင်က ပွဲမဆူအောင် ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Post Match Review