ဂါဘရီယဲလ်က ဘောလုံးလောကမှာ ကောင်းသလောက် အသိအမှတ်အပြုမခံရဆုံးကစားသမားလား coyg

ဂါဘရီယဲလ်က ဘောလုံးလောကမှာ ကောင်းသလောက် အသိအမှတ်အပြုမခံရဆုံးကစားသမားလား

ဂါဘရီယဲလ် မာဂါလိုင်စ်ဟာ အာဆင်နယ်အသင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်လာသူဖြစ်ပြီး ဒီရာသီ ပွဲစဉ်တိုင်းရဲ့ မိနစ်တိုင်းမှာ ပါဝင်ကစားပေးခဲ့ပြီးနောက် အသင်းထဲက ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ်ရဲ့ အာဆင်နယ်က အချိန်တွေအတွင်း များသောအားဖြင့် အလွန်ခြေစွမ်းတည်ငြိမ်သူ ဖြစ်ပေမယ့်လည်း စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ အလျင်စလိုနိုင်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတာဖြစ်ပြီး အသိသာဆုံးကတော့ ပြီးခဲ့တဲ့ရာသီ စီးတီးနဲ့ပွဲက အနီကတ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီစိတ်ခံစားချက်ဟာ ယခုရာသီမှာ ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပြီး အဲဒါက ဘယ်တော့မှ ပျောက်သွားမှာမဟုတ်သလို ပျောက်လည်း ပျောက်မသွားသင့်ဘဲ အဲဒီစိတ်ခံစားချက်ဟာ ဂါဘရီယဲလ် ဆိုတာနဲ့ ဘာကြောင့် ဂန်းနားတွေရဲ့ခံစစ်မှာ စစ်သည်တော်တစ်ဦးဖြစ်နေလဲဆိုတဲ့ ကြီးမားတဲ့အစိတ်အပိုင်း ဖြစ်နေတာဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ နောက်ထပ်တစ်ကြိမ် ဒီရာသီမှာ ကွင်း ၂ ဖက်စလုံးမှာ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး ဖူလ်ဟမ်၊ ချဲလ်ဆီးတို့ကို သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေအပါအဝင် သွင်းဂိုး ၃ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုး ၃ ဂိုးကြောင့် ဂါဘရီယဲလ်ရဲ့ ပရီးမီးယားလိဂ် စုစုပေါင်းသွင်းဂိုးဟာ ၃ နှစ်အတွင်းမှာ ၁၀ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအစကနေ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး နောက်ခံလူဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီဧရိယာထဲက ခြိမ်းခြောက်နိုင်စွမ်းနဲ့အတူ ဂါဘရီယဲလ်ဟာ အာဆင်နယ်ရဲ့ တိုက်စစ်စတင်မှုမှာလည်း အရေးကြီးလာပြီး ဆာလီဘာနဲ့အတူ ဘရာဇီးလ်နောက်ခံလူဟာ အသင်းကို ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်အောင်နဲ့ ပြိုင်ဘက်တွေကို ခံစစ်အထိ ဆင်းကစားရအောင် ကွင်းလယ်နားထိ တက်ပြီး အဆက်မပြတ် ဘောလုံး လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီပါဝင်ပတ်သက်မှုကြောင့် ဂါဘရီယဲလ်ဟာ တစ်ပွဲကို ပျမ်းမျှ ဘောလုံးထိတွေ့မှု ၇၄.၈ ကြိမ်အထိ ရှိလာခဲ့တာဖြစ်ပြီး ပါတေး(၇၇.၃ ကြိမ်)၊ ဇင်ချန်ကို(၈၂.၄ ကြိမ်)၊ ဆာလီဘာ(၇၇.၆ ကြိမ်)တို့သာ ဘရာဇီးလ်နောက်ခံလူထက် တစ်ပွဲကိုပျမ်းမျှ ဘောလုံးထိတွေ့မှုပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ အထင်ကြီးဖွယ်ကောင်းတဲ့ ဘောလုံးပေးပို့မှုအောင်မြင်တဲ့ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၉၀ ရာခိုင်နှုန်းနဲ့ ပျမ်းမျှ ၅၇.၅ ကြိမ် ဘောလုံးပေးပို့မှု အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဆာလီဘာတစ်ဦးတည်းသာ ၆၂.၉ ကြိမ်(၉၁ ရာခိုင်နှုန်း) နဲ့ တစ်ပွဲကို ဘောလုံးပေးပို့ရာမှာ အောင်မြင်မှု ပိုမိုရရှိထားတဲ့ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားစရာအကောင်းဆုံး ကိန်းဂဏန်းတွေက ပြိုင်ဘက်ကွင်းဘက်ခြမ်းက ဘောလုံးပေးပို့မှုတွေ ဖြစ်ပါတယ်။

ဂါဘရီယဲလ်ဟာ တစ်ပွဲချင်းစီမှာ ပျမ်းမျှ ဘောလုံးပေးပို့မှု ၂၃.၄ ကြိမ်ရှိခဲ့ပြီး အောင်မြင်မှုနှုန်းက ၈၅ ရာခိုင်နှုန်းအထိ ရှိခဲ့တာကြောင့် အခြားပြိုင်ဘက်နောက်ခံလူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဗန်ဒိုက်က ၂၂.၀ ကြိမ်နဲ့ ၇၉ ရာခိုင်နှုန်း၊ လီဆန်ဒရို မာတီနက်ဇ်က ၁၅.၃ ကြိမ်နဲ့ ၇၆ ရာခိုင်နှုန်းသာ ရှိခဲ့ကြတာဖြစ်ပါတယ်။

ဂါဘရီယဲလ်ထက် ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှု ပြုလုပ်ထားတဲ့ နောက်ခံကစားသမားဆိုလို့ မန်ချက်စတာစီးတီးက နောက်ခံလူတွေသာရှိပြီး အဲဒါကလည်း မန်စီးတီးရဲ့ ကစားကွက်အရ လွှမ်းမိုးပြီး ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဖိအားပေးကစားပုံကြောင့် သိပ်တော့အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ဒီရာသီအစောပိုင်းမှာ ပင်နယ်တီ ၂ ကြိမ် ခွင့်ပြုခဲ့ရပေမယ့်လည်း ဂါဘရီယဲလ်ဟာ ခေါင်းအေးအေးထားပြီး တိုက်စစ်ကစားသမားတွေကို မားမားမတ်မတ် ရင်ဆိုင်နိုင်သူအဖြစ် တိုးတက်လာပြီး တစ်ဦးချင်း ဖြတ်ကျော်ဖို့ ခက်ခဲလာပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ဒီအခြေအနေက တိုက်စစ်မှူးတွေနဲ့ပတ်သက်ပြီး သံသယကို ဖန်တီးနိုင်ပြီး ပြိုင်ဘက် တိုက်စစ်ကစားသမားတွေအနေနဲ့ ဂါဘရီယဲလ်ကို အနိုင်ယူမှ ဖြတ်ကျော်လို့ရမှာဖြစ်ပါတယ်။ ဂါဘရီယဲလ်ရဲ့ မြေပြင်တစ်ဦးချင်းတိုက်ပွဲကိန်းဂဏန်းတွေကလည်း အလွန်မြင့်မားခဲ့ပြီး ဒီရာသီမှာ ၆ ကြိမ်သာ လိမ်ခေါက်ဖြတ်ကျော်ခြင်းခံခဲ့ရတာကြောင့် တစ်ပွဲကို ပျမ်းမျှ ၀.၂ ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။ တစ်ပွဲကို ပျမ်းမျှ မြေပြင်တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲမှာလည်း ၂.၅ ကြိမ် အနိုင်ရခဲ့ပြီး ပြိုင်ဘက်ဆီကနေ ဘောလုံးကို လုယူမှု ၁.၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားဆိုတာကို ပြသနေပြီး ဗန်ဒိုက်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ထက်တောင် ပိုမိုကောင်းမွန်တဲ့ကစားသမားလို့ ယူဆနိုင်ပြီး ရူဘင် ဒီယက်စ်တစ်ဦးတည်းသာ ဂါဘရီယဲလ်ထက် လိမ်ခေါက်ဖြတ်ကျော်ခံရမှု ပိုမိုနည်းပါးတဲ့နောက်ခံလူအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရူဘင် ဒီယက်စ်ဟာ မြေပြင်တစ်ဦးချင်းတိုက်ပွဲမှာ ဂါဘရီယဲလ်နဲ့ ယှဉ်ရင် ရာခိုင်နှုန်း ပိုမို နိမ့်ပါးနေပြီး အာဆင်နယ်ကြယ်ပွင့်က ၇၅ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့ချိန်မှာ မန်စီးတီးကြယ်ပွင့်က ၅၇ ရာခိုင်နှုန်းသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အမြင့်ဘောမှာလည်း ဂါဘရီယဲလ်က ကောင်းမွန်သူလို့ သိထားပေမယ့်လည်း ဒီယက်စ်(၆၈ ရာခိုင်နှုန်း)၊ ဗန်ဒိုက်(၇၃ ရာခိုင်နှုန်း)တို့နဲ့ နှိုင်းယှဉ်ရင် ၅၄ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနေရာက ဘရာဇီးလ်နောက်ခံလူ တိုးတက်အောင်လုပ်ရမယ့်အပိုင်းဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဒီအပိုင်းကိုသာ တိုးတက်အောင်လုပ်နိုင်ရင် ခံစစ်မှာ သတ္တဝါဆိုးကြီးတစ်ကောင်း ဖြစ်လာမှာ သေချာပါတယ်။

Arsenal Myanmar

Ref: Internet