ဂန်းနားတွေ အသာစီးရယူခွင့်ကို လွှင့်ပစ်မိပြီး လီဗာပူးလ်ကို ပြန်လာခွင့်ပေးလိုက်ရတဲ့ပွဲက ထုတ်နုတ်ပြောစရာ ၇ ချက် admin

ဂန်းနားတွေ အသာစီးရယူခွင့်ကို လွှင့်ပစ်မိပြီး လီဗာပူးလ်ကို ပြန်လာခွင့်ပေးလိုက်ရတဲ့ပွဲက ထုတ်နုတ်ပြောစရာ ၇ ချက်

ရောဘတ်တို ဖာမီနို နောက်ကျ ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ကြိုးပမ်းမှုကို ထိခိုက်ပျက်စီးစေနိုင်တဲ့ သရေရလဒ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပထမပိုင်း ၈ မိနစ်မှာ မာတီနယ်လီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၂၈ မိနစ်မှာ ဂျေးဇုက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်လီဗာပူးလ်အတွက် ပထမပိုင်း ၄၂ မိနစ်မှာ မိုဟာမက် ဆာလားက ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာ လီဗာပူးလ်အသင်း ပင်နယ်တီ ရရှိခဲ့ပေမယ့် ဆာလားရဲ့ကန်ချက်က လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

၈၇ မိနစ်မှာ ရောဘတ်တို ဖာမီနိုက အလက်ဇန်းဒါး-အာနိုးရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး လီဗာပူးလ်အသင်းအတွက် အဖိုးတန် သရေ ၁ မှတ်ကို ရယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စနေနေ့က ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရရှိပြီး ၅ မှတ်အကွာကို တက်လှမ်းလာခဲ့တဲ့ မန်ချက်စတာစီးတီးကို ၈ မှတ်ပြန်ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့တာဖြစ်ပြီး အန်းဖီးက ပွဲစဉ်အတွင်း မှတ်မှတ်ရရ ပြန်ပြောစရာအချက် ၇ ချက်အထိ ရှိနေခဲ့ပါတယ်။

၁။ စွန့်စားခန်းဖွင့်ခဲ့တဲ့ အာနိုး

အာနိုးကို ကွင်းလယ်ကို ပြောင်းကစားခိုင်းတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေက ဟောင်းနွမ်းပြီး ပျင်းရိစရာအလွန်ကောင်းလာပေမယ့် ကလော့ပ်အတွက်တော့ အဲဒီလိုဖြစ်ခဲ့ပုံမပေါ်ဘဲ အာဆင်နယ်နဲ့ပွဲမှာ ညာနောက်ခံကစားသမားကို ကွင်းလယ်ပို့ခဲ့ပါတယ်။ အလက်ဇန်းဒါး-အာနိုးဟာ လီဗာပူးလ်အသင်း ဘောလုံးရချိန်မှာ ကွင်းလယ်ကို ဝင်ကစားပြီး ပြိုင်ဘက်အသင်းက ဇင်ချန်ကိုအတိုင်း ကစားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးကတော့ အဲဒီနည်းဗျူဟာကို မေးခွန်းထုတ်ခဲ့ပြီး “ကွင်းလယ်က ထရင့်ကို ကြည့်ပြီး သူတို့တွေ ချဲလ်ဆီးနဲ့ပွဲအပြီး ၂ ရက် ဒါမှမဟုတ် ၃ ရက်ပဲ ရှိသေးတယ်။ ခင်ဗျားအများကြီး အလုပ်မလုပ်ခဲ့ဖူးတဲ့နေရာမှာ တစ်စုံတရာကို လုပ်ဖို့ တစ်စုံတယောက်ကို တောင်းဆိုနေတာပါ။ တခြားအသင်းတွေက အဲဒါကို လုပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ မန်စီးတီးလုပ်တယ်။ ဇင်ချန်ကိုက အာဆင်နယ်အတွက် လုပ်တယ်။ ဒါပေမယ့် ခင်ဗျား ဒါက စီစဉ်ထားပြီး လုပ်ဆောင်ခဲ့တာဆိုတဲ့ ခံစားချက်မျိုး ခင်ဗျား ရတယ်။ ကျွန်တော် နားမလည်နိုင်ပါဘူး။ သူ့ကို ကွင်းလယ်ကစားသမားအဖြစ် ကစားခိုင်းမယ့်အစား ညာနောက်ခံလူအဖြစ်နဲ့ ခံစစ်ကစားပုံကို သင်ပေးတာက ပိုမမြန်ဘူးလား။”လို့ ပြောကြားခဲ့ပါတယ်။

၂။ ဂန်းနားတွေရဲ့  ပွဲကိုင်တွယ်မှု

မီခေးလ် အာတီတာက ပွဲအရှိန်သတ်ဖို့ အဓိကထားတယ်ဆိုတာကို အန်းဖီးမှာမျက်မြင်တွေ့ခဲ့ရပြီး အာဆင်နယ်ဟာ ပထမပိုင်းမှာ လီဗာပူးလ်ရဲ့ အရှိန်အဟုန်ကို သတ်ပစ်ဖို့ အရာအားလုံးကို ကြိုးစားခဲ့ပါတယ်။ မိနစ် ၂၀ မှာ ရမ်းစ်ဒေးလ်က ဆေးအဖွဲ့ကို ခေါ်ပြီး ၎င်းရဲ့မျက်လုံးကို ကြည့်ရှုစေခဲ့ပြီး အဲဒါက ကျန်တဲ့ကစားသမား ၁၀ ဦးစလုံး အာတီတာဆီ ညွှန်ကြားမှုတွေ ခံယူဖို့ ပြေးသွားခွင့်ရခဲ့ပါတယ်။ သိပ်မကြာခင်မှာ ဆာလားက အခွင့်အရေးရခဲ့ပြီးနောက် အလားတူပဲ ထပ်ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ ဂါဘရီယဲလ်က ဒဏ်ရာရ ကစားသမားဖြစ်ပေးခဲ့တာဖြစ်ပါတယ်။ “အာတီတာက ငါတို့တွေ သူတို့ကို အရှိန်ပိုရခွင့်မပေးနိုင်ဘူးလို့ ပြောခဲ့သလားဆိုတာ ခင်ဗျားသိချင်နေမှာပါ။ အခွင့်အရေးရတဲ့အချိန်တိုင်း သူတို့တွေ ပွဲကို တစ်မိနစ်လောက် သတ်ပစ်ခဲ့တယ်။ သူ တကယ်သာ အဲဒီလိုလုပ်တာဆိုရင် ပါးနပ်ပါတယ်။ အဲဒါက တိုက်ဆိုင်မှုလို့ ကျွန်တော် မထင်ဘူး”လို့ ဂယ်ရီ နဗီးက ပွဲတင်ဆက်ရာမှာ ပြောဆိုခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒီလိုမျိုး အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ဖို့အတွက် အကူညီဖြစ်စေနိုင်တဲ့ အချိန်ဖြုန်းတီးမှုမျိုး ပိုမိုနည်းပါးသွားခဲ့ပါတယ်။

၃။ ပွဲဆူအောင် လုပ်မိခဲ့တဲ့ ချာကာ

အာဆင်နယ်ဟာ ချာကာက အလက်ဇန်းဒါး-အာနိုးနဲ့ ပြဿနာမတက်ခင်အထိ အရာတော်တော်များများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပုံပေါ်ခဲ့ပါတယ်။ ကစားသမား ၂ ဦးဟာ ထိပ်တိုက်တွေ့ခဲ့ကြပြီး ၂ ဦးစလုံးကို ပေါလ် တီယာနီက အဝါကတ်ပြခဲ့ပြီး ဒီဖြစ်စဉ်ဟာ အန်းဖီးကွင်းထဲက ပရိသတ်တွေကို ဒေါသထွက်စေခဲ့တာကြောင့် ကွင်းထဲက အသံတွေကလည်း ပိုကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။ ပြင်းထန်တဲ့ ပတ်ဝန်းကျင်အငွေ့အသက်က လီဗာပူးလ်ကို အကျိုးအမြတ်ဖြစ်စေခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ဆာလားက ချေပဂိုး တစ်ဂိုး ပြန်သွင်းယူခဲ့ပါတယ်။ ချာကာဟာ စည်းကမ်းလိုက်နာမှုပိုင်း အားနည်းတဲ့ နာမည်ဆိုးရှိပေမယ့်လည်း ဒီရာသီမှာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ အပြုအမူဟာ ဆိုးရွားခဲ့ပေမယ့်လည်း ဆာလားရဲ့ သွင်းဂိုးနဲ့တော့ သိပ်မဆိုင်ပါဘူး။

၄။ စည်းကြပ်ဒိုင်ရဲ့ ပတ်တံတောင်

ပထမပိုင်း ပွဲကစားချိန်ပြည့်ပြီးနောက် ကစားသမားတွေဟာ အနားယူဖို့ ဥမင်ထဲကို သွားကြဖို့ လုပ်နေခဲ့ကြပြီး လီဗာပူးလ်ကစားသမားတွေဟာ ဒိုင်လူကြီး ပေါလ် တီယာနီကို ဒေါသတကြီး စကားပြောဆိုနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ရောဘတ်ဆန်က တစ်စုံတရာကို ဆွေးနွေးဖို့ ကြိုးပမ်းခဲ့ချိန်မှာ စည်းကြပ်ဒိုင်က ၎င်းရဲ့မေးရိုးကို တံတောင်နဲ့ တွတ်ခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပြီး ဟန်ဒါဆန်က တီယာနီကို ပြန်လည်သရုပ်ပြမှုမှာ ဦးဆောင်ခဲ့ပြီး အဆုံးမှာ ရောဘတ်ဆန်ကို အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။ Sky Sports သတင်းထောက် ဂျော့ဖ် ရှရိဗ်စ်ရဲ့ ပြောကြားချက်အရ ဥမင်လျှောက်လမ်းထဲ ဆင်းခဲ့ချိန်မှာ ရောဘတ်ဆန်က “သူ ကျွန်တော့် လည်ပင်းကို တံတောင်နဲ့ တွတ်ခဲ့တာ။ စည်းကြပ်ဒိုင်က ကျွန်တော့်လည်ပင်းကို တံတောင်နဲ့ တွတ်ခဲ့တာ”လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၅။ ပင်နယ်တီကို အံ့အားသင့်ဖွယ် လွဲချော်တဲ့ ဆာလား

အာဆင်နယ်နောက်ခံလူ ရော့ဘ် ဟိုးဒင်းက ဂျိုတာကို ပင်နယ်တီဧရိယာထဲမှာ နမော်နမဲ့နိုင်စွာနဲ့ လှဲချမိခဲ့ပြီးနောက် ဒုတိယပိုင်းအစောပိုင်းမှာ ပင်နယ်တီ ပေးခဲ့ရပေမယ့် ဆာလားရဲ့ ၁၂ ကိုက်အကွာက ကန်ချက်က ဝိုက်ထွက်သွားခဲ့ပါတယ်။ ဘောလုံးဟာ ပြီးခဲ့တဲ့လက ဘုန်းမောက်နဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ ပင်နယ်တီအတိုင်းတူညီတဲ့ ဦးတည်ချက်အတိုင်း ထွက်သွားခဲ့တာဖြစ်ပြီး လီဗာပူးလ်အနေနဲ့ ပင်နယ်တီကန်သွင်းသူအသစ် ရှာဖွေသင့်ပြီထင်ပါတယ်။

၆။ လေးလံတဲ့ သမိုင်းရဲ့အလေးချိန်

အာဆင်နယ်အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အန်းဖီးမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အနိုင်မရခဲ့ဘဲ ဒီပွဲစဉ်ကို အဲဒီ လေးလံတဲ့သမိုင်းမှတ်တမ်းကို ထမ်းပိုးပြီး ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်တာကြောင့် သရေရလဒ်က အရမ်းဆိုးတဲ့ပုံမပေါ်ခဲ့ပေမယ့် ပြီးပြည့်စုံမှသဘောကျတဲ့ အာတီတာအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ပါလိမ့်မယ်။

၇။ ဂန်းနားတွေကို အံ့အားသင့်စေခဲ့တဲ့ ဖာမီနို

ဖာမီနိုဟာ အရန်ခုံကနေ ၇၈ မိနစ်မှ လူစားဝင်ကစားပေးခဲ့ပေမယ့်လည်း အလက်ဇန်းဒါး-အာနိုး ဖန်တီးပေးပို့လိုက်တဲ့ဘောလုံးကို ခေါင်းခုန်တိုက်ပြီး ဂိုးပိုက်ထဲ အဆုံးသတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ၈ နှစ်ကြာ ကစားပေးခဲ့တဲ့ လီဗာပူးလ်ကို စွန့်ခွာတော့မှာဖြစ်ပြီး ဒီအခိုက်အတန့်ဟာ ကာလရှည် ကစားပေးခဲ့တဲ့ တိုက်စစ်မှူးအတွက် အမှတ်ရစရာ အခိုက်အတန့်ဖြစ်နေတော့မှာဖြစ်ပါတယ်။ ဖာမီနိုရဲ့ နောက်ကျချေပဂိုးဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားရာကနေ ၆ မှတ်သာ ဦးဆောင်နိုင်တော့တာကြောင့် အာဆင်နယ်ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ကို မှေးမှိန်စေပြီး မန်ချက်စတာစီးတီးကို မျှော်လင့်ချက် အလင်းရောင်ပေးခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet