ကြောက်မက်ဖွယ်ခြေထောက်ကျိုးခဲ့ပြီးနောက် တိုက်ကားတစ်စီးလို ခံစားခဲ့ရတယ်ဆိုတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း
အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း အက်ဒွါဒို ဒါဆေးလ်ဗားက ဘာမင်ဟမ်စီးတီးနဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ခြေထောက်ကျိုးဒဏ်ရာရှိခဲ့ပြိးနောက် ကိုယ့်ကိုကိုယ် အတိုက်ခံထားရပြီး ပျက်စီးနေတဲ့ကားတစ်စီးလို ခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ခရိုအေးရှားတိုက်စစ်မှူးဟောင်းဟာ အာဆင်ဝင်းဂါးလက်အောက် အာဆင်နယ်အသင်းအတွက် ကစားပေးခဲ့ချိန်တုန်းက ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၈ ခုနှစ်မှ မာတင် တေလာရဲ့ ကြောက်မက်ဖွယ် ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပြီး ခြေကျင်းဝတ်နေရာလွဲသွားခဲ့တဲ့အတွက် ၁ နှစ်ကျော် အနားယူခဲ့ရတာဖြစ်ပါတယ်။
အက်ဒွါဒိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အချိန်မှာ အာဆင်နယ်ပွဲထွက်လူစာရင်းမှာ တစ်နေရာရဖို့ ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ ရှက်တာဒိုးနတ်အသင်းဆီကို ရောင်းထုတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်ဒွါဒိုဟာ ကြောက်မက်ဖွယ် ဒဏ်ရာကနေ နောက်ဆုံးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့်လည်း ၎င်းရဲ့ ကစားသမားဘဝကို ပျက်စီးစေခဲ့တယ်လို့ ခံစားနေရဆဲဖြစ်ပါတယ်။
“အဲဒီဒဏ်ရာအပြီးမှာ ကျွန်တော့်ကစားသမားဘဝကို ဖော်ပြဖို့ ခက်ပါတယ်။ အဲဒါက အတိုက်ခံထားပြီး ပျက်စီးနေတဲ့ကားတစ်စီးလို ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကို စက်ပြင်ဆရာဆီ ပြင်ဖို့ ခေါ်သွားခဲ့ပြီး ပြင်ခြ့တယ်။ ကားက ကောင်းကောင်းတော့မောင်းလို့ရသွားပေမယ့် လူတွေက သံသယရှိခဲ့ကြတယ်။ ကျွန်တော် ဒဏ်ရာကနေ ပြန်ကောင်းလာပြီးတဲ့နောက် ဥရောပနဲ့ ဘရာဇီးလ်တို့က မတူညီတဲ့ ကလပ်အသင်းတွေအတွက် ဆယ်စုနှစ်တစ်ခုလောက် ကစားခဲ့ရတဲ့တွက် ကျေးဇူးတင်မိပါတယ်”
“ကျွန်တော် ပွဲကစားချိန်နည်းခဲ့တာကို ထည့်စဉ်းစားရင် ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာရပြီးနောက် အရာရာက အကြောင်းပြချက်ဖြစ်လာခဲ့တယ်။ ကျွန်တော် ဘောလုံးပေးပို့မှုလွဲချော်ခဲ့ရင် အဲဒါက ဒဏ်ရာကြောင့် လွဲတာလို့အားလုံးက လက်ညှိုးထိုးကြတယ်။”
“ကျွန်တော် ဒဏ်ရာမရခင်တုန်းက ကစားတာက ပိုကောင်းခဲ့တယ်လို့ ထင်မိခဲ့တယ်။ ဒါပေမယ့် လူအချို့က အမြဲတမ်းအဆိုးဘက်ကပဲ ကြည့်ပြီး ဒဏ်ရာရပြီးတဲ့နောက်သွင်းခဲ့တဲ့ ဂိုးအချို့က အရင်တုန်းကလောက် အကျိုးသက်ရောက်မှုမရှိခဲ့ဘူးလို့ ကျွန်တော် ထင်မိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အက်ဒွါဒို ဒါဆေးလ်ဗားရဲ့ဒဏ်ရာရရှိမှုအပြီးမှာ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက မာတင် တေလာလို ကစားသမားမျိုးဟာ နောက်ထပ်တစ်ကြိမ် ဘောလုံး မကစားသင့်တဲ့သူမျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၃ ပွဲပယ်ပြစ်ဒဏ်လောက်သာ ချမှတ်ခံခဲ့ရတာက ဟာသဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အက်ဒွါဒိုဟာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူချိန်မှာ ခရိုအေးရှားအသင်းအတွက် ၆၂ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်သလို ယူကရိန်းလိဂ်ဖလား ၅ လုံး၊ ယူကရိန်းပြည်တွင်းဖလား ၅ လုံး ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အက်ဒွါဒိုက တေလာအပေါ်မှာ ဘယ်လို မုန်းတီးစိတ်မျိုးမှ မခံစားခဲ့ရဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “မာတင် တေလာဆီက ဖျက်ထုတ်မှုက သိမ်မွေ့တဲ့ဖျက်ထုတ်မှုပါ။ အရင်ကတည်းက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောကြတာကို ကျွန်တော် တကယ် မနှစ်သက်ပါဘူး။ ဒါပေမယ့် အဲဒါက အခုဆိုရင် ၁၅ နှစ်ရှိပါပြီ။ အဲဒီတော့ အခု ကျွန်တော် အဲဒီအကြောင်းကို ပိုပြီး သက်တောင့်သက်သာ စကားပြောနိုင်နေပါပြီ။ အဲဒါက ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုပါ။ အဲဒီအဖြစ်အပျက်အပြီးမှာ ကျွန်တော် ခွဲစိတ်ကုသမှုအတွက် ဆေးရုံကို ခေါ်သွားတာခံခဲ့ရပါတယ်။ ကျွန်တော့်ဆီ သူလာလည်ခဲ့တဲ့အကြောင်း သူများတွေ ပြန်ပြောလို့ သိခဲ့ရပါတယ်။ ကျွန်တော်က ခွဲစိတ်ပြီးခါစအခြေအနေမှာဆိုတော့ မမှတ်မိဘူးဖြစ်နေတယ်။ ကျွန်တော် သတိရတချက် မရတချက်ဖြစ်နေတာကိုး။ အဲဒီတုန်းက ဖြစ်ခဲ့တာတွေကို ဝိုးတဝါးတော့ မှတ်မိပါတယ်။”
“တစ်နှစ်အကြာ ကျွန်တော် ကွင်းထဲ ပြန်ရောက်လာတဲ့အချိန်ကို မှတ်မိတယ်။ အသင်းက ကျွန်တော့်ဆီကို ကံအကောင်းဆုံးဖြစ်ပါစေလို့ သူ ဆုမွန်ကောင်းတောင်းပေးပြီး သူက ကျွန်တော် နောက်ထပ်တစ်ကြိမ် ပြန်ကစားနိုင်တာ မြင်ရလို့ ပျော်ရွှင်ခဲ့တယ်ဆိုတဲ့ အီးမေးလ်အကြောင်း ပြောပြခဲ့တယ်။ တေလာကို ကျွန်တော် ဘာမှ ဆိုးဆိုးရွားရွား မပြောဆိုခဲ့တဲ့အတွက် နောင်တရစရာမရှိပါဘူး။ ဒီလိုအရာတွေက ဘယ်လိုအားကစားသမားမျိုးမဆို ဖြစ်နိုင်တယ်။ တစ်ခါတလေ ခင်ဗျာ ဒီလိုဒဏ်ရာမျိုး ရတတ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles