နည်းပြ အာတီတာလက်အောက်မှာ အထင်ကြီးဖွယ်ကိန်းဂဏန်းတွေနဲ့ ပြောင်းလဲပြခဲ့တဲ့ ချာကာ admin

နည်းပြ အာတီတာလက်အောက်မှာ အထင်ကြီးဖွယ်ကိန်းဂဏန်းတွေနဲ့ ပြောင်းလဲပြခဲ့တဲ့ ချာကာ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာဟာ နည်းပြအာတီတာလက်အောက်မှာ တိုးတက်မှုတွေ ဆက်လက်ပြသနိုင်ခဲ့ပြီးနောက် TalkSport ဘောလုံးဝေဖန်သူ ဒင်း ဆောင်ဒါရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးကတော့ အက်ဖ်အေဖလားပွဲစဉ် ကစားခဲ့ရတာကြောင့် တစ်ပွဲလျော့နေတာဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်ရဲ့ ခြေစွမ်းအရ လက်ရှိချန်ပီယံတွေဟာ ခြေမချော်ခဲ့ဘူးဆိုရင်တောင် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့က မဖြစ်နိုင်လုနီးပါးဖြစ်နေပြီလို့ ခံစားနေရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အာဆင်နယ်အသင်းရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့လူတစ်ဦးကတော့ ချာကာ ဖြစ်ပြီး ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ကို TalkSport ဘောလုံးဝေဖန်သုံးသပ်သူ ဒင်း ဆောင်ဒါက တနင်္လာနေ့နံနက်မှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီလိုမျိုး ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူ။ ဒါပေမယ့် ကျွန်တော် သူနဲ့ပတ်သက်ပြီး ကျွန်တော့်အတွေးကို ပြောင်းရမှာပါ။ သူက လုံးဝကို အပြစ်ရှိသူတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့မိတယ်။ ကျွန်တော်ပြောချင်တာက အနီကတ်တွေပါ။ ခင်ဗျား အပတ်တိုင်းမှာ သူ အဝါကတ်ပြခံရမယ်လို့ လောင်းကြေးထပ်လို့ရတယ်။ သူ အဲဒါတွေအားလုံးကိုပါ ပြောင်းလဲပစ်ခဲ့တယ်။ သူ ကွင်းလယ်မှာ ပါတေး၊ အော်ဒီဂွါဒ်တို့နဲ့ ကစားနေတာ ကျွန်တော် သိပြီး အဲဒါက သူနဲ့ သင့်တော်တယ်။ သူ နည်းနည်းပိုပြီး ရှေ့တက်နိုင်ခဲ့တယ်။ သူ မနေ့က(တနင်္ဂနွေ)အရမ်းကောင်းတဲ့ဂိုးကို သွင်းခဲ့တယ်။ ကျွန်တော့်စိတ်ကို ပြောင်းလဲလိုက်ပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ချာကာရဲ့ မြောက်လန်ဒန်က အချိန်တွေဟာ အဆုံးသတ်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဒီရာသီဟာ ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်အနေနဲ့ နည်းပြအာတီတာလက်အောက်မှာ ဂန်းနားတပ်သားဘဝကို လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ဘူးဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၂၈ ပွဲစလုံးကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး သောမတ်စ် ပါတေး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အာတီတာအတွက် အားထားရတဲ့ ရွေးချယ်စရာဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

ချာကာဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာတင် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ လာမယ့် နွေရာသီမတိုင်ခင် ကိုင်ဆေဒိုနဲ့ ဒီကလန် ရိုက်စ်တို့ကို ကြီးမားတဲ့ ငွေကြေးနဲ့ ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီနွေရာသီပစ်မှတ် ၂ ဦးဟာ အသက် ၃၀ အရွယ် ဆွစ်ဇာလန်ကွင်းလယ်လူရဲ့နေရာမှာ အာတီတာအတွက် ကာလရှည် အစားထိုးဖို့ ရွေးချယ်စရာတွေ ဖြစ်နေတာဖြစ်ပြီး ချာကာဟာ ဒီရာသီမှာ အာဆင်နယ်ပစ်မှတ် ၂ ဦးထက် ခံစစ်ပိုင်းမှာ အားနည်းနေပေမယ့်လည်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေမှာတော့ ၂ ဦးစလုံးပေါင်းထားတာထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒီကလန် ရိုက်စ်နဲ့ ကိုင်ဆေဒိုတို့ဟာ ချာကာထက် စာရင် ပါတေးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ပိုမိုသင့်တော်သူတွေဖြစ်နိုင်ပေမယ့်လည်း မြောက်လန်ဒန်က ဂါနာကွင်းလယ်လူရဲ့ နေရာမှာ ကွက်တိအစားထိုးနိုင်မယ့်သူတွေလို့ မခံစားရတာဖြစ်ပါတယ်။

ဒီရာသီမှာ ချာကာဟာ သွင်းဂိုး ၆ ဂိုး(တစ်ရာသီအတွင်းမှာ သွင်းယူဖူးတဲ့ အများဆုံးပမာဏ)၊ ဂိုးဖန်တီးမှု ၅ ကြိမ်(၂၀၁၇-၂၀၁၈ နောက်ပိုင်း အများဆုံး)၊ ကြီးမားတဲ့အခွင့်အရေးဖန်တီးမှု ၄ ကြိမ်(၂၀၁၇-၂၀၁၈ နောက်ပိုင်း အများဆုံး)၊ ပျမ်းမျှ မိနစ် ၉၀ မှာ အခွင့်အရေးဖန်တီးမှု ၁.၆ ကြိမ်(တစ်ရာသီအတွင်းမှာ အများဆုံး)၊ အမှားကြောင့် ဂိုးပေးခဲ့ရမှု သုည၊ ပင်နယ်တီ ခွင့်ပြုခဲ့ရမှု သုည၊ အနီကတ် သုည စတဲ့ အထင်ကြီးဖွယ် ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားပါတယ်။

Arsenal Myanmar
Ref: Internet