လမ်းမခွဲခင် အစွမ်းကုန်ပေးဆပ်သွားခဲ့တဲ့ နှလုံးလှလူမိုက်ကြီးနဲ့ ဝုလ်ဗ်စ်နဲ့ပွဲက ပြန်ပြောစရာများ
အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်နဲ့ ကစားရမယ့် ရာသီနောက်ဆုံးပွဲစဉ်ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းခဲ့မှာဖြစ်ပြီး ဆုဖလားအိပ်မက်က သေဆုံးခဲ့ပြီဖြစ်ပေမယ့်လည်း ဒုတိယနေရာမှာ ပြီးဆုံးဖို့ ထိုက်တန်တဲ့ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ဖို့အတွက် ၁၅ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ချာကာက အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီးနောက် ၃ မိနစ်အကြာမှာပဲ ဝုလ်ဗ်စ်ရဲ့ စိတ်ပျက်ဖွယ် ခံစစ်ကစားပုံကို အခွင့်ကောင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပွဲကစားချိန် မိနစ် ၃၀ အတွင်းမှာ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မကြာသေးမီကမှ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ဆာကာက ဂန်းနားတွေအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဂါဘရီယဲလ် ဂျေးဇုက စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ခီဗီယာက ပွဲပြီးဆုံးဖို့ ၁၂ မိနစ်အလိုမှာ ပဉ္စမမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဘယ်လိုရလဒ်ပဲ ထွက်လာသည်ဖြစ်စေ ဒုတိယနေရာမှာပဲ ရာသီပြီးဆုံးမယ်ဆိုတာကို သိနေခဲ့ပေမယ့်လည်း ရာသီကို ဂိုးပြတ်နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့တာက ကောင်းမွန်တဲ့ အဆုံးသတ်ဖြစ်ခဲ့ပြီး ဒီပွဲစဉ်အတွင်းမှာ မှတ်မှတ်ရရ ပြောစရာအချက်တွေ ရှိနေခဲ့ပါတယ်။
၁။ သွင်းဂိုးတွေနဲ့ နှုတ်ဆက်သွားတဲ့ ချာကာ
လေဗာကူဆင်အသင်းကို ပြောင်းရွှေ့တော့မယ့် ချာကာဟာ အင်စတာဂရမ်မှာ အာဆင်နယ်အသင်းဝတ်စုံနဲ့ ၎င်းရဲ့ ပုံတွေကို တင်ခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်တော့မယ်ဆိုတာကို အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဝုလ်ဗ်စ်နဲ့ပွဲမှာ ဂန်းနားတွေအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ချာကာဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဖြတ်တင်ပေးမှုကို ဝုလ်ဗ်စ်ခံစစ်ကစားသမားတွေဆီကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာပဲ လမ်းကြောင်းထဲကို အလိုက်သင့်ကျလာတဲ့ ဘောလုံးကို ချာကာက ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့ပြီး အိမ်ရှင်တွေအတွက်တော့ လွယ်ကူလွန်းတဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ ချာကာဟာ ယခုရာသီမှာ တိုက်စစ်ပိုမိုလိုက်ပါတဲ့အခန်းကဏ္ဍနဲ့ ခြေစွမ်းပိုင်း တိုးတက်လာခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကွင်းတွင်း၊ ကွင်းပြင် ဘက်ပေါင်းစုံက ပါဝင်နိုင်မှုဟာ ဂန်းနားတွေအတွက် အစားထိုးဖို့ ခက်ခဲတော့မှာ ဖြစ်ပါတယ်။
၂။ အနီကတ်မရှိခဲ့တဲ့ ရာသီ
အာဆင်နယ်ဟာ ၂၀၂၁-၂၀၂၂ ရာသီတုန်းက ပထမဆုံးအနီကတ်ကို ရရှိဖို့ ၃ ပွဲသာ စောင့်ဆိုင်းခဲ့ရပြီး ချာကာက မန်စီးတီးနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဆွစ်ကွင်းလယ်လူဟာ ဒီရာသီမှာ အဲဒီလိုအမှားမျိုး ထပ်မလုပ်တော့တာကြောင့် တစ်သင်းလုံးအတွက် သတိထားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ ကွင်းအတွင်း စိန်ခေါ်မှုတွေကို ကောင်းကောင်း ပြုမူခဲ့ပြီး ဆန့်ကျင်ဘက်အနေနဲ့ ဝုလ်ဗ်စ်အသင်းဟာ ရာသီနောက်ဆုံးနေ့ကို ပြိုင်ပွဲထဲက အသင်းတိုင်းထက် အနီကတ်ပိုမို ပြသခံထားရတဲ့အသင်းအဖြစ်နဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
၃။ လုပ်စရာတွေ ရှိနေသေးတဲ့ လော့ပတယ်ဂီ
ရာသီနောက်ဆုံးပွဲကို ကစားရတော့မယ့်အချိန်မှာ လော့ပတယ်ဂီက နွေရာသီအပြောင်းအရွှေ့အစီအစဉ်အပေါ်မှာ အာမခံချက် လိုချင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ ဇန်နဝါရီပစ်မှတ်တွေထဲက အချို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ ဂျာအို ဂိုးမက်စ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့ပေမယ့်လည်း နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်ဆိုတာ သိသာပါတယ်။ လော့ပတယ်ဂီဟာ ယခုနွေရာသီမှာ ရူဘင် နက်ဗက်စ်နဲ့ ဂျာအို မူတင်ညိုတို့ကို ဆုံးရှုံးရနိုင်ခြေရှိနေတာကြောင့် မဖြစ်မနေ လူအင်အားဖြည့်တင်းရမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်အရဆို ကွင်းလယ်ပဲ အင်အားဖြည့်တင်းဖို့လိုအပ်နေတာမဟုတ်ပုံပေါ်ပါတယ်။ နက်ဗက်စ်နဲ့ ရာယန် အစ်နူရီတို့ ဒုတိယပိုင်းမှာ ဝင်ကစားခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်ကို ပြိုင်ပွဲထဲ ပြန်ဝင်နိုင်အောင် ဆွဲခေါ်နိုင်ခြင်းမရှိခဲ့ဘဲ ဝုလ်ဗ်စ်အသင်းသာ လူမဝယ်ခင် အဓိကကစားသမားတွေကို ရောင်းမယ်ဆိုရင် လော့ပတယ်ဂီအတွက် စိတ်ပျက်စရာနွေရာသီဖြစ်လာနိုင်ပါတယ်။
၄။ အောင်ပွဲခံစိတ်အခြေအနေမှာ ရှိနေတဲ့ ဆာကာ
ဆာကာဟာ ပွဲထွက်ပါဝင်ကစားပေးဖို့အတွက် ဒဏ်ရာပြဿနာ စိုးရိမ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဂန်းနားပရိသတ်တွေကို အသင်းမှာ အကြာကြီး ဆက်နေဦးမှာဆိုတာကို အသိပေးထားခဲ့ပြီး စိတ်ချလက်ချနဲ့ ကြည့်ရှုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ကျောနံပါတ် ၇ ဟာ ဒဏ်ရာအရှင်းမပျောက်သေးပုံပေါ်ပြီး အထနှေးနေခဲ့ပေမယ့်လည်း ပွဲကစားချိန် နာရီဝက်မပြည့်ခင်မှာပဲ ၎င်းရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မက်စ် ကေးလ်မန်းကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့ပြီး ဂျိုဆေး ဆားရဲ့ ဂိုးပေါက်အပေါ်ထောင့်ထဲကို ဝိုက်ကန်သွားတာက ရင်သပ်ရှုမောစရာကောင်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က အနိုင်ရရှိနေပြီဖြစ်တာကြောင့် အာတီတာက ဆာကာကို ပွဲကစားချိန် မိနစ် ၆၀ မပြည့်ခင်မှာပဲ လူစားလဲလှယ်ခဲ့ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ယူရို ၂၀၂၄ ဝင်ခွင့်နဲ့ နောက်ထပ်တစ်ဆင့် ပိုမိုနီးစပ်အောင် ကူညီပေးဖို့ ဂန်းနားကြယ်ပွင့်ရဲ့ ကြံ့ခိုင်မှုက ပြည့်ဝနေဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
၅။ အဓိပ္ပာယ်တွေပြည့်နေတဲ့ ရမှတ်
အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် အာတီတာဟာ ခံစစ်မှာ ရွေးချယ်စရာတွေကို ကန့်သတ်ခြင်းခံထားရပေမယ့် လူငယ်ကစားသမားတွေနဲ့ လွှတ်ပေးရမယ့်အစား စီနီယာကစားသမားတွေနဲ့ ပေါင်းစပ်ကစားစေဖို့ ရွေးချယ်ခဲ့ပါတယ်။ ပါတေးနဲ့ ခီဗီယောတို့ဟာ နောက်ခံတောင်ပံနေရာမှာ ပွဲထွက်ခဲ့ပြီး ဂါနာကွင်းလယ်ကစားသမားဟာ အစောပိုင်းမှာ ဟွမ်ဟီးချန်းကို ထိန်းဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အားကောင်းတဲ့လူစာရင်းရွေးချယ်မှုက အာတီတာအတွက် စိတ်ကျေနပ်မှုတွေ ပေးစွမ်းနိုင်ခဲ့ပြီး နိုင်ပွဲကြောင့် ဂန်းနားတွေဟာ ရမှတ် ၈၄မှတ်အထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီပမာဏက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ သိသိသာသာများပြားတဲ့ စုစုပေါင်းရမှတ်ဖြစ်ခဲ့ပေမယ့်လည်း အမှတ်ပေးဖလားရရှိလောက်တဲ့အထိတော့ မလုံလောက်ခဲ့တာ ဖြစ်ပါတယ်။ အက်ဒွါဒို ဆေးလ်ဗား ကြောက်မက်ဖွယ် ဒဏ်ရာရရှိသွားခဲ့တဲ့ ၂၀၀၇-၂၀၀၈ ရာသီတုန်းက အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်က ရမှတ် ၈၃ မှတ်အထိ ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ၄ မှတ်အကွာမှာ ရာသီပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီဟာ အဲဒီရာသီနောက်ပိုင်းကတည်းက ရမှတ် ၈၀ နဲ့ အထက်ရရှိခဲ့တဲ့ တစ်ခုတည်းသောရာသီတော့မဟုတ်ပေမယ့် ၂၀၀၁-၂၀၀၂၊၂၀၀၃-၂၀၀၄ ဆုဖလားရရှိခဲ့တဲ့ ရာသီနောက်ပိုင်း ၎င်းတို့ရဲ့ တတိယမြောက် ရမှတ်အကောင်းဆုံးရာသီဖြစ်ခဲ့ပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Post Match Review