ပဲလေ့စ်ကို ဂိုးမိုးရွာပြီး ပရီးမီးယားလိဂ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေဆဲ ဂန်းနားများ
ဒီရာသီမှာ ဖလားပွဲတွေကလွဲလို့ အာဆင်နယ် ရှုံးပွဲကြုံတာမျိုးက သိပ်ရှားပါတယ်။ ရှူံးခဲ့ရင်လည်း နောက်ပွဲမှာ ပြန်လာတာချည်းပဲ။ မန်ယူကို ရှုံးခဲ့တုန်းက တကြိမ်၊ အဲဗာတန်၊ မန်စီးတီးတို့ကို ရှူံးပြီး ဘရန့်ဖို့ဒ်ကို သရေကျကာ ရလဒ်တွေ ဆက်တိုက်ဆိုးခဲ့တုန်းက တကြိမ်၊ ဒီလူငယ်တွေဟာ ဒီရာသီမှာ ဘယ်လောက်အထိ ဒူပေတာပေခံကြောင်း ပြသခဲ့တယ်။
ပြီးခဲ့တဲ့ ယူရိုပါလိဂ်တုန်းကလည်း ကျွန်တော် ပြောခဲ့သေးတယ်။ ရလဒ်ပိုင်းက စိတ်ပျက်စရာ မဟုတ်ဘူး။ ကစားသမားတွေ ပွဲပန်းမှာသာ စိုးရတာပဲဆိုပြီး။ ဒါပေမယ့် ဒီအချက်က ဂရုစိုက်စရာတောင် မလိုဘူးဆိုတာ မိနစ် (၁၂၀) ပြည့်ကစားခဲ့တဲ့၊ ပယ်နယ်တီလွဲခဲ့တဲ့ မာတင်နယ်လီကအစ ဒီပွဲမှာ ဘာမှမဖြစ်သလိုမျိုး ကစားပြပြီး လိုအပ်တဲ့ အနိုင် (၃) မှတ်ကို သက်တောင့်သက်သာ ရယူပြသွားတယ်။
ရာသီကုန်ဖို့ကလည်း (၁၀) ပွဲသာ ကျန်တော့တယ်။ အော်ဒီဂွါဒ်တို့ကအစ ပြောတယ်။ ဒီ (၁၀) ပွဲ၊ (၁၁) ပွဲကို ဗိုလ်လုပွဲလိုကန်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပြီး။ ဒီအချိန်အထိတောင် တချို့ပရိသတ်တွေ စိတ်မထားတတ်သေးတာ နားမလည်ဘူး။ ဒီအသင်းက ရာသီမကုန်သေးချိန်မှာတောင် ဒီရာသီ ရည်မှန်းချက် အထမြောက်ပြီးသားအသင်း၊ ဆက်လက်တိုးတက်နေမယ့် အသင်း။ယ၊ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်း ဖြစ်တယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ရထားပြီးသားမို့ ဒီရာသီ အပိုဘောနပ်စ်အတွက် ကြိုးစားပြနေတာ၊ နှလုံးသားနဲ့ ကစားနေတာ ဖြစ်တယ်။ အပိုဘောနပ်စ်ဆိုတာကလည်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ။ ဒီလိုအချိန်မှာ ယူရိုပါလိဂ်က ထွက်ခဲ့ရတာဟာ ဝမ်းနည်းစရာ မရှိပါဘူး။ ဒါပေမယ့် အဲဒီပွဲပြီးလို့ အာဆင်နယ်ဂရုတခုထဲမှာ ယူရိုပါလိဂ်မှာတောင် အသုံးမကျတဲ့ ဒီကောင်တွေ … ပရီးမီးယားလိဂ်ဖလားလည်း မရစေချင်ဘူးဆိုတဲ့ မှတ်ချက်စကားမျိုးတွေ့တော့ တော်တော်လေး အံ့ဩမိတယ်။ ငါတို့ ပရိသတ်တွေဟာ ဒီလိုမျိုးလား … ဒီလို ပရိသတ်မျိုး ရှိသေးတာလား … တခါတလေမှာ လက်တွေ့တရားနဲ့ ဝေးကွာလွန်းတဲ့ ဒီလိုပရိသတ်တွေ မြင်တွေ့ရတာ စိတ်မကောင်း ဖြစ်မိတယ်။ ထားပါ။ ပွဲအကြောင်းပဲ ပြောရအောင်။
အာဆင်နယ်ကပဲ ဘာမှ အမှားအယွင်းမရှိဘဲ စိတ်ကြိုက်ကစားပြီး စိတ်ကြိုက်စီးမိုးသွားတဲ့ပွဲပဲ ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ ကောင်းကြောင်းချည်း ပြည့်နှက်နေမယ်။ ကောင်းခြင်းများစွာထဲနဲ့ အရောင်ကွဲထွက်ပြီး အကောင်းဆုံး ဖြစ်ခဲ့သူကတော့ ဘန်ဝှိုက်ပေါ့။ ဉာဏ်သုံးကစားတတ်သလို စွန့်စားရဲတဲ့ ဒီလိုကစားသမားမျိုးကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ဘာလို့ ပယ်ထားသလဲဆိုတာ နားမလည်မိဘူး။ အင်္ဂလန်သားလို ကစားဟန်မရှိတဲ့ အင်္ဂလန်ကစားသမား ဖြစ်နေလို့များလား။
ဗဟိုခံစစ်ကစားသမားဖြစ်ပေမဲ့ ဒီရာသီမှာ ညာနောက်ခံလူတဦးအဖြစ် ဘန်ဝှိုက်က ပီပီပြင်ပြင် ကစားပြထားပြီးသားပါ။ ခံစစ်မှာလည်း တာဝန်ယူသလို တိုက်စစ်အတွက်ရဲ့ သူ့ရဲ့ ပေးပို့မှု ရွေးချယ်တတ်ပုံတွေ၊ သေသပ်ပုံတွေ၊ ဉာဏ်ကစားတတ်မှုတွေက ထိပ်တန်းအဆင့်ပါပဲ။ မာတင်နယ်လီ၊ ဆာကာတို့ အဖွင့်ဂိုး (၂) ဂိုးမှာ သာမန်နောက်ခံလူဆိုရင် ပိုစိတ်ချရမယ့် ဘေးတိုက်ပေးပို့မှုပဲ လုပ်မိမှာဖြစ်ပေမဲ့ ဘန်ဝှိုက်ကတော့ ဆာကာဆီကိုပဲ အတိုပေးလေးတွေ ပေးခဲ့ပြီး လှပတဲ့ ဂိုးတွေ ဖြစ်လာစေတယ်။
ဆာကာကတော့ သွင်းဂိုး (၁၂) ဂိုးနဲ့ ဖန်တီးမှု (၁၀) ကြိမ် ရသွားပြီ။ ဒီရာသီမှာ သွင်းဂိုးနဲ့ ဖန်တီးမှု နှစ်မျိုးစလုံး (၁၀) ကြိမ်နဲ့အထက် လုပ်ပြတဲ့ ပထမဆုံးသော ကစားသမားလည်း ဖြစ်လာခဲ့တယ်။ ငရုပ်သီးပီပီ စပ်နေဆဲ စပ်နေဆဲ … ကျွန်တော်တို့ ကြယ်ပွင့်လေးဟာ တိုးတက်မှုအပေါင်း သောင်းခြောက်ထောင်နဲ့ တောက်ပနေဆဲပေါ့။
ဆာလီဘာ မပါနိုင်တဲ့ ကွက်လပ်ကို ဟိုးဒင်းက အကောင်းဆုံး ဖြည့်သွားတယ်။ မာတင်နယ်လီက နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက် ရနေတယ်။ ပါတေး၊ ချာကာ ဂါဘရီယဲလ်၊ ဇင်ချင်ကို၊ အော်ဒီဂွါဒ်နဲ့ ထရောဆာဒ်တို့ ခြေစွမ်း ပြနေတုန်း။ ဂျေးဇုကို ပွဲကစားခွင့် မိနစ်တွေ ဆက်ပေးခွင့်ရခဲ့တယ်။ တီယာနေး၊ ဂျော်ဂျင်ညို၊ စမစ်ရိုးလ်နဲ့ ခီဗီယောတို့ကိုလည်း အခွင့်အရေးပေးခွင့် ရခဲ့တယ်။ အစစအရာရာ ကျေနပ်စရာ ပွဲတပွဲပါပဲ။
သွင်းဂိုးတွေကို မာတင်နယ်လီ၊ ဆာကာနဲ့ ချာကာတို့က ရယူပေးခဲ့တာဖြစ်ပြီး ပဲလေ့စ်ရဲ့ တလုံးတည်းသော ချေပဂိုးမှာ ရှလွတ် လက်ထိခဲ့ပေမယ့် VAR က ခွင့်ပြုခဲ့တာကတော့ မအံ့ဩတော့ပါဘူး။ Clean Sheet မရလိုက်တာကတော့ မကျေမနပ် ဖြစ်စရာပေါ့လေ။ ဒါပေမယ့် ဘာအရေးလဲ … ဒုတိယနေရာက မန်စီးတီးကို (၈) မှတ် ဖြတ်ထားနိုင်ပြီမလား။
~Red Gunner~
Photos Credit
- Posted In:
- Articles
- Post Match Review