ပေါင် ၁၀၅ သန်းတန်ကြယ်ပွင့်ကြောင့် ဒုတိယတိုက်စစ်မှူး ဖြစ်လာတော့မယ့် ဂျေးဇု coyg

ပေါင် ၁၀၅ သန်းတန်ကြယ်ပွင့်ကြောင့် ဒုတိယတိုက်စစ်မှူး ဖြစ်လာတော့မယ့် ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပေမယ့်လည်း ခြောက်ပစ်ကင်းသဲလဲစင်ပြီး အညှာအတာကင်းမဲ့တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းနေတဲ့အသင်းအတွက် ရေတိုရော ရေရှည်အတွက်ပါ လုံလောက်ခြင်းမရှိတာဖြစ်ပါတယ်။

ဂျေးဇုဟာ အာဆင်နယ်ကို အဆင့်သစ်တစ်ခုရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပစ်မှတ်ကို ရရှိအောင်သာမက ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ပထမဆုံးအကြိမ် ရာသီပြီးဆုံးခါနီးအထိ ဆုဖလားပြိုင်ပွဲထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နိုင်အောင်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်ရှိနေပြီး မန်ချက်စတာစီးတီးလို အသင်းမျိုးကို အလဲထိုးနိုင်ဖို့အတွက်ဆိုရင်တော့ ဘရာဇီးလ်ကြယ်ပွင့် တစ်ဦးတည်းနဲ့ မလုံလောက်ဘူးဆိုတဲ့ အားကောင်းတဲ့ ငြင်းခုံမှုတွေ ရှိနေတာဖြစ်ပါတယ်။

သိသာတဲ့အချက်က မန်ချက်စတာစီးတီးဟာ ဟာလန်းကို ခေါ်ယူချင်တာကြောင့် ဂျေးဇုကို ရောင်းထုတ်ခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးရဲ့ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၃၃ ဂိုးက ဘာကြောင့် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ဆုဖလားပြိုင်ပွဲမှာ ထိန်းချုပ်မှု ပြန်ရလာလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးရဲ့ နောက်မှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ယူလီယန် အယ်လ်ဗာရက်ဇ်လိုမျိုး တိုက်စစ်မှူးက လီဗာပူးလ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရာမှာ အထောက်အကူပေးခဲ့ပြီး ဂိုးလည်းသွင်းယူနိုင်တာကြောင့် မန်စီးတီးရဲ့ ဂိုးသွင်းနှုန်း ကျသွားတာမျိုး မရှိတာဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းမှာ ဂျေးဇု မပါဝင်နိုင်ချိန်တုန်းက အန်ကီးတီးယားရော ထရော့ဆာ့ဒ်ပါ ကျောနံပါတ် ၉ မပါဝင်ဘဲ အသင်းကို အချိန်အတိုင်းအတာတစ်ခုအထိ ကူညီကျားကန်ပေးပြီး ကောင်းမွန်တဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပေမယ့်လည်း ဟာလန်းလောက် နီးနီးရှိတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးမျိုး ဂန်းနားတွေမှာ ရှိမနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းသာ ပွဲကို ပြောင်းလဲပေးနိုင်မယ့် တိုက်စစ်မှူးမျိုး ခေါ်ယူသွားမယ်ဆိုရင် ဂျေးဇုကို မန်ချက်စတာစီးတီးတုန်းကအတိုင်း အထောက်အကူပေးတဲ့ အခန်းကဏ္ဍမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဂန်းနားတွေအတွက် သင့်တော်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ကစားသမားအဖြစ် စျေးကွက်ထဲမှာ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန် ရှိနေပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် စဉ်းစားကြည့်မယ်ဆိုရင် အခြား ရွေးချယ်စရာတွေလည်းရှိနေသေးပြီး ဘင်ဖီကာ တိုက်စစ်မှူးဂွန်ဆာလို ရာမို့စ်က ယခုရာသီမှာ ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ရာမို့စ်ဟာ အလားအလာတွေများစွာရှိနေတဲ့ ကစားသမားအဖြစ်ရှိနေပြီး အရပ် ၆ ပေ ၁ လက်မရှိတာကြောင့် ဂျေးဇုနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ တိုက်စစ်မှူးအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဂွန်ဆာလို ရာမို့စ်ဟာ ဒီရာသီမှာ ဂိုးဖန်တီးမှုလည်း ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်တာက ချိတ်ဆက်ကစားနိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြသနေတာဖြစ်ပြီး အာတီတာသတ်မှတ်ထားတဲ့ တိုက်စစ်မှူးတစ်ယောက်မှာရှိရမယ့် အရည်အချင်းနဲ့ ကိုက်ညီနေတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဘင်ဖီကာနည်းပြဟောင်း အဲရစ်ဆင်က အာဆင်နယ်အနေနဲ့ ပေါ်တူဂီ တိုက်စစ်မှူးကို ခေါ်ယူချင်နေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လို အသင်းမျိုးတွေက သူ့ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းကြလိမ့်မယ်လို့ ကျွန်တော် သေချာသိနေပါတယ်”လို့ OLBG ကို ပြောကြားခဲ့တာဖြစပါတယ်။

ဂျေးဇုနဲ့ ရာမို့စ်အတွဲက အာဆင်နယ်အတွက် စိတ်လှုပ်ရှားစရာ အလားအလာတွေကို ယူဆောင်ပေးနိုင်မှာဖြစ်ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ နောက်ထပ် အဆင့်မြှင့်တင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ မန်စီးတီးကို နင်လားငါလား မေးလို့ ရနိုင်တဲ့ လူစာရင်းအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုဆိုပေမယ့်လည်း ဘင်ဖီကာအသင်းက ဂွန်ဆာလို ရာမို့စ်ရဲ့ စာချုပ်ထဲမှာ စာချုပ်လျော်ကြေး ယူရိုသန်း ၁၂၀(ပေါင် ၁၀၅ သန်း)ကို ထည့်သွင်းထားတာကြောင့် တော်တော်လေး စျေးကြီးတဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet