ချန်ပီယံလိဂ်ဝင်ခွင့်က ဂန်းနားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိလာနိုင်လဲ coyg

ချန်ပီယံလိဂ်ဝင်ခွင့်က ဂန်းနားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိလာနိုင်လဲ

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်အိပ်မက်ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ရာသီအစတုန်းက သတ်မှတ်ခဲ့တဲ့ အောင်မြင်မှုကိုတော့ ရရှိခဲ့ပြီးဖြစ်ပါတယ်။

အာတီတာနဲ့ အီဒူးတို့ရဲ့ စီမံကိန်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မဖြစ်မနေ ရယူနိုင်ဖို့ဖြစ်ပြီး ၅ ပွဲ ကစားဖို့ ကျန်နေသေးတဲ့အချိန်ကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်က သေချာနေခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး လက်ရှိ လူစာရင်းထဲက ကစားသမားအများစုအတွက် မရင်းနှီးတဲ့ နယ်မြေတစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။

အာတီတာကလည်း လက်ရှိမှာတော့ ထိပ်တန်းအဆင့် ဘောလုံးပြိုင်ပွဲမှာ ကစားရမယ့် စိန်ခေါ်မှုအသစ်နဲ့ အသားကျအောင် အပြောင်းအလဲတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဝန်ခံခဲ့ပြီးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ဂန်းနားတွေအတွက် အမှန်တကယ် ဘယ်လို အဓိပ္ပာယ်ရှိလာနိုင်သလဲ…

ငွေကြေးပိုင်း

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာဦအပြောင်းအရွှေ့ကာလ ၂ ခုစလုံးမှာ အသက် ၂၅ နှစ်အောက် ကစားသမားတွေကို ခေါ်ယူတဲ့မူဝါဒအတိုင်း လုပ်ဆောင်ခဲ့ပြီး အရင်တုန်းကထက် ကစားသမားလစာသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက ရပ်တည်နေပေမယ့်လည်း အာဆင်နယ်ရဲ့ လစာပေးချေမှုပမာဏဟာ အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဆဌမမြောက် အများဆုံးအဖြစ်သာ ရပ်တည်နေပြီး အဲဒါကြောင့်ပဲ ဂါဘရီယဲလ်၊ မာတီနယ်လီ၊ ရမ်းစ်ဒေးလ်၊ အော်ဒီဂွါဒ်တို့လို ကစားသမားတွေကို စာချုပ်သက်တမ်းတိုးရမယ့်အချိန်မှာ လိုလိုလားလား လစာတိုးပေးနိုင်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကိုဗစ်ကာလအပြီး ကွင်းဝင်ကြေးကနေလည်း အမြတ်အစွန်းရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပေါင် ၇၉.၄ သန်း ရရှိခဲ့ပြီး ကိုဗစ်ကာလတုန်းက ပေါင် ၃.၈ သန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ခရွန်ကီတွေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ ၂ ခုစလုံးမှာ အာတီတာနဲ့ အီဒူးတို့ရဲ့ စီမံကိန်းကို ထောက်ခံကြောင်း ပြသခဲ့ပြီး ဇန်နဝါရီလတုန်းက မာဒရစ်ခ်အတွက် ပေါင်သန်း ၁၀၀ နီးနီးသုံးစွဲချင်ခဲ့တာက သက်သေပဲ ဖြစ်ပါတယ်။ ယခုရာသီမှာ ချန်ပီယံလိဂ်ဟာ အုပ်စုအဆင့်ကို ရောက်ရှိတဲ့အသင်းတိုင်းအတွက် ပေါင် ၁၃ သန်းပေးခဲ့ပြီး စွမ်းဆောင်ရညအပေါ်မူတည်တဲ့ ဆုကြေးအဖြစ် နိုင်ပွဲတစ်ပွဲချင်းစီကို ပေါင် ၂.၃ သန်း ပေးခဲ့တာဖြစ်ပါတယ်။ ဒါက အုပ်စုအဆင့်ကို ရောက်ရှိတဲ့အတွက် ပေါင် ၃ သန်းနဲ့ နိုင်ပွဲတစ်ပွဲကို ပေါင် ၅၂၇၀၀၀ ပေးချေတဲ့ ယူရိုပါလိဂ်နဲ့နှိုင်းယှဉ်ရင် ကြီးမားတဲ့ အဆင့်မြှင့်တင်မှုဖြစ်ပြီး မက်မောလောက်ဖွယ် ရုပ်သံထုတ်လွှင့်မှု သဘောတူညီမှုတွေတောင် မပါသေးပါဘူး။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးတဲ့အတွက်လည်း သိသာထင်ရှားတဲ့ ငွေပမာဏရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက လီဗာပူးလ်အသင်းကတော့ ပေါင် ၁၅၉.၈ သန်းရရှိခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုက အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေးအင်အား ပိုမိုရရှိစေမှာဖြစ်ပြီး အီဒူးက အသင်းအတွက်ရေရည်အကျိုးစီးပွားအတွက် ဘဏ္ဍာရေးပိုင်းအရ အားထားလို့မရနိုင်ဘူးလို့ ခံစားရတယ်ဆိုရင် ဗလာဟိုဗစ်ချ်၊ ဂျာအို ဖဲလစ်၊ လီဆန်ဒရို မာတီနက်ဇ်တို့လို ကစားသမားတွေကိုတောင် လက်ရှောင်ဖို့ ဆန္ဒရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီနွေရာသီမှာ ပြီးခဲ့တဲ့ရာသီထက် မြင့်မားတဲ့ ဘတ်ဂျက်ပမာဏကို ရရှိမှာဖြစ်ပြီး အဲဒါကြောင့် အီဒူးဟာ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးသစ်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ ငွေကြေးသုံးစွဲမှုက အဲဒီမှာတင် မပြီးသေးဘဲ ခံစစ် ၄ ဦးကို အထောက်အပံ့ပေးနိုင်မယ့် နောက်ခံကစားသမားတစ်ဦးလည်း ထပ်မံခေါ်ယူသွားမှာဖြစ်ပါတယ်။

ဒါက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ပွဲစလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အသင်းလူစာရင်းရဲ့ အဆင့်အတန်းကို ဘက်ပေါင်းစုံမှာ မြှင့်တင်ဖို့ ကြိုးပမ်းသွားမယ့် အဆင်နယ်ရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှု ဖြစ်လာမှာဖြစ်ပြီး တိုက်စစ်မှူးသစ်တစ်ဦးလည်း ခေါ်ယူသွားဦးမှာဖြစ်ပါတယ်။ အရောင်းပိုင်းကတော့ ဒီနွေရာဦမှာ အီဒူးအနေနဲ့ ကိုယ့်ကိုကိုယ် သက်သေပြရမယ့်နေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ဂန်းနားတွေဟာ အသင်းမှာ အနာဂတ်မရှိတော့တဲ့ကစားသမားတွေအတွက် ရသင့်ရထိုက်တဲ့ တန်ဖိုးကို ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အိုဇေးလ်၊ မူစတာဖီ၊ ဘယ်လာရင်၊ အူဘာမီယန်းတို့လို ကစားသမားတွေအတွက် ငွေကြေးတပြားတချပ်မှ ပြန်မရှာနိုင်ခဲ့ဘဲ စာချုပ်ဖျက်သိမ်းပြီး အလွတ်နဲ့ ထွက်ခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနွေရာသီမှာလည်း အဲဒီလို ဖြစ်လာနိုင်တဲ့အခြေအနေအချို့ရှိပြီး ဥပမာအားဖြင့် ပေပေဟာ ယခုနွေရာသီမှာ အာဆင်နယ်က ရောင်းထုတ်ပြီး ငွေရှာချင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း လိုအပ်ရင် စာချုပ်ဖျက်သိမ်းတာမျိုး လုပ်ရင်လုပ်နိုင်ပါတယ်။ တာဗာရက်စ်၊ တီယာနီ၊ ဟိုးဒင်း၊ လိုကွန်ဂါ၊ ချာလီ ပါတီနို၊ စမစ် ရိုး၊ ဖိုလာရင် ဘာလိုဂန်တို့အားလုံးဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ဖို့ သတင်းထွက်နေသလို စာချုပ်သက်တမ်းတွေကလည်း အနည်းဆုံး ၂ နှစ်လောက်ကျန်သေးတာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရှိမှာဖြစ်ပါတယ်။ အီဒူးအနေနဲ့ အရင်တုန်းက စာချုပ်ဖျက်သိမ်းတာမျိုး လုပ်မယ့်အစား ဒီလိုအခြေအနေမျိုးရှိိနေ​တဲ့အချိန်မှာ ဘယ်လောက်အထိ အသင်းအတွက် အကျိုးအမြတ်ရှိအောင် ရောင်းချနိုင်မလဲဆိုတာ စိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

လူစာရင်း အလှည့်ကျပွဲထုတ်မှု

ချန်ပီယံလိဂ်မကစားရတဲ့ကာလမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်လူစာရင်း၊ ယူရိုပါလိဂ်လူစာရင်းဆိုပြီး ၂ ခု ခွဲသုံးခဲ့ပြီး ပြိုင်ပွဲ ၂ ခုရဲ့ အရည်အသွေးပိုင်း ကွာဟမှုကြောင့် ပြဿနာမရှိခဲ့ပေမယ့် ချန်ပီယံလိဂ်က အသင်းတွေရဲ့ အရည်အသွေး မြင့်တက်လာမှုကြောင့် ရွေးချယ်စရာ ရှိတော့မှာမဟုတ်ပါဘူး။ ဒါက အာတီတာကို အာဆင်နယ်နည်းပြဘဝမှာ မရင်ဆိုင်ရဖူးသေးတဲ့ ပြဿနာ ဖြစ်လာစေခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ အရေးကြီးတဲ့ပွဲစဉ်တွေမှာ ယုံကြည်ရတဲ့ အမာခံကစားသမား ၁၄ ဦး၊ ၁၅ ဦးလောက်နဲ့ လှည့်သုံးနေခဲ့တာဖြစ်ပါတယ်။ စမစ် ရိုး၊ ဗီယာရာ၊ ဟိုးဒင်းတို့က ပါလိုက်၊ မပါလိုက် ဖြစ်နေခဲ့ပြီး လူစားဝင်ကစားခွင့်ရတဲ့အချိန်မှာလည်း အကောင်းဆုံးပုံစံ ပြသဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အာတီတာအနေနဲ့ လူစာရင်းကို ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲဖို့ နည်းလမ်းရှာရမှာဖြစ်ပြီး အာဆင်နယ်မှာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ ၃၀ ကျော်အထိ ပွဲထွက်ကစားပေးခဲ့တဲ့ ကစားသမား ၇ ဦးရှိခဲ့ပြီး မန်စီးတီးမှာတော့ ၃ ဦးပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒါတွေအပြင် အမှန်တကယ် စမ်းသပ်မှုနဲ့ ရင်ဆိုင်နေရတာက မာတီဆက်ကာနဲ့ အာဆင်နယ် အကယ်ဒမီဖြစ်ပြီး မာမက် အလီနဲ့ ဂျက်ခ် ဝီလ်ရှိုင်းယားတို့ဟာ ယူ-၂၁၊ ယူ-၁၈ နည်းပြအခန်းကဏ္ဍတွေမှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီအသီးသီးပိုင်ဆိုင်ခဲ့ပေမယ့် ပထမအသင်းထဲကို ပို့ဆောင်ပေးနိုင်မယ့် ရှင်းလင်းတဲ့ လမ်းကြောင်းမရှိဘူးဆိုရင် အကောင်းဆုံး လူငယ်ပါရမီရှင်တွေကို ဆွဲခေါ်ဖို့ ခက်သွားနိုင်ပါတယ်။ ယူရိုပါလိဂ်က ဆာကာ၊ စမစ် ရိုး၊ အန်ကီးတီးယား၊ ရိစ် နယ်လ်ဆန်တို့လို အကယ်ဒမီထွက်တွေ ပထမအသင်းထဲရောက်အောင် မြေစမ်း ခရမ်းပျိုးနိုင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာတော့ လူငယ်တွေ ပွဲကစားချိန်ရဖို့ ခက်မှာပါ။

ဒီနွေမှာ ထွက်ဖို့များနေတဲ့ ဘာလိုဂန်နဲ့ ပါတီနိုတို့အခြေအနေက ဒီပြဿနာကို အပြည့်အဝ လက်တွေ့ပြနေတာဖြစ်ပြီး ဂန်းနားတွေမှာ ရီရဲလ် ဝေါ်တာစ်၊ လီနို ဆူဆာ၊ မိုင်းစ် လူးဝစ္စ-စကယ်လီ၊ ကိုဇီယာ-ဒူးဘယ်ရီ၊ နွာနယ်ရီတို့လို အလားအလာအများကြီးရှိတဲ့ လူငယ်ကြယ်ပွင့်တွေရှိနေတာဖြစ်ပါတယ်။ မာတီဆက်ကာကတော့ ဒီကစားသမားတွေအနေနဲ့ ကောင်းသင့်သလောက်ကောင်းရင် အခွင့်အရေးရမယ်ပြောထားပေမယ့် အာတီတာသာ လူစာရင်းကို အလှည့်ကျ ပွဲထုတ်ဖို့ နည်းလမ်းရှာမတွေ့ရင်တော့ ပထမအသင်းနဲ့ အကယ်ဒမီ ခါးဆက်ပြတ်သွားနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet