ဆာကာလက်သစ်လေးကို ချီးကျူးခဲ့ပြီး နည်းပြ အာတေတာကလည်း သဘောကျနေတယ်ဆိုတဲ့ ဂျက် mgsaw

ဆာကာလက်သစ်လေးကို ချီးကျူးခဲ့ပြီး နည်းပြ အာတေတာကလည်း သဘောကျနေတယ်ဆိုတဲ့ ဂျက်

အာဆင်နယ် U18 အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း ဂျက် ဝဲလ်ရှားကတော့ သူ့အသင်းရဲ့ ညာတောင်ပံတကြောမှာ ခြေစွမ်းပြကစားနေတဲ့ လူငယ်ကြယ်ပွင့်လေး အေမာရီယို ကော်ဇီယာ-ဒူဘရီဟာ ဘူကာရို ဆာကာကို အမှတ်ရစေတယ်လို့ ဆိုကာ ချီးကျူးလိုက်ပါတယ်။

ဆာကာဟာ ဂန်းနားတို့ရဲ့ နာမည်ကျော် ဟေးအန့် အကယ်ဒမီရဲ့ ထိပ်တန်းအဆင့် နောက်ဆုံးထုတ်ကုန်ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ချန်ပီယံဆုဖလား လမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ နည်းပြ အာတေတာအတွက် အားကိုးရတဲ့ အဓိက လက်နက်ကောင်း ဖြစ်နေပါတယ်။

ဒီဘက်နှစ်ပိုင်းတွေမှာ ဟေးအန့် အကယ်ဒမီဟာ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ခပ်စိတ်စိတ်ဆိုသလိုပဲ မွေးထုတ်နေပြီး ဆာကာနဲ့အတူ အမီး စမစ်ရိုးလ်၊ အက်ဒီ အန်ကီးတီးယားတို့ တောက်ပလာခဲ့သလို ဒီနှစ်ရာသီမှာလည်း တိုက်စစ်မှူးလေး ဖိုလာရင် ဘာလိုဂန်ဟာ ပြင်သစ်ကလပ် ရမ်းစ်အသင်းဆီ အငှားထွက်ကစားပြီး တောက်မယ့်မီးခဲ တရဲရဲဆိုသလို အရည်အသွေးကောင်းတွေ ပြသနေပါတယ်။

ဒါပေမယ့်လည်း ဒီလောက်နဲ့ပဲ ဂန်းနားထုတ်ကုန်တွေဟာ ရပ်တန့်သွားဖွယ် မရှိဘဲ လူငယ်အသင်းတွေမှာ ကျောက်ရိုင်းတုံးတွေ အများကြီး မြင်တွေ့နေရကာ အဲဒီထဲမှာ ကော်ဇီယာ-ဒူဘရီလည်း ပါဝင်နေတာဖြစ်ပြီး နည်းပြဖြစ်သူ အာတေတာကလည်း အသင်းကြီးမှာ အနှေးနဲ့အမြန် နေရာပေးသွားဖို့ အထူးသဘောကျနေတယ်လို့လည်း သိရပါတယ်။

” အေမာရီယိုဟာ အရမ်းကိုပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်ကြယ်ပွင့်လေး ဖြစ်ပါတယ်။ မီကေလ် (နည်းပြ အာတေတာ) ကလည်း သူ့ကို သဘောကျနေပါတယ်။ ” လို့ ဂျက်က The Athletic နဲ့ အင်တာဗျူးမှာ ဆိုပါတယ်။ ” ကျွန်တော်ဖြင့် သူ့ကို ကြည့်နေရင်း ဘူကာရို ဆာကာကို အမှတ်ရနေမိတော့တာပါပဲ။ ”

” ကစားတဲ့နေရာကလည်း တူနေတယ်လေ။ သူ့အနေနဲ့ ဆုံးဖြတ်ချက်ပိုင်းမှာ ဘူကာရိုလို ကောင်းမွန်လာဖို့ပဲ လိုအပ်နေတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတင်ကို သူဟာ အတော်လေးကို ကောင်းမွန်နေပါတယ်။ တချို့အခိုက်အတန့်တွေမှာဆိုရင် သူဟာ တားဆီးလို့ မလွယ်ကူတဲ့ ကစားသမား ဖြစ်နေပါပြီ။ ”

ဂျက်က ” သူ့ကိုသာ ဘောလုံးပေးလိုက်ပြီဆိုရင် တခုခုကို လုပ်ပြနေတော့တာပါပဲ။ နည်းပြတဦးအနေနဲ့ အသင်းတသင်းကို တည်ဆောက်ပြီး မဟာဗျူဟာတွေ ချမှတ်နိုင်ပါတယ်။ အဲဒီအတွက် ဒီလို တဦးချင်း အရည်အသွေးကောင်းမွန်တဲ့ ကစားသမားမျိုးတွေကို ပိုင်ဆိုင်ထားတာဟာ ကိုယ့်အတွက် အခွင့်အရေးများစေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၁၇) နှစ်အရွယ် ကြယ်ပွင့်လေးဟာ ဒီရာသီမှာ ဂန်းနားတို့အတွက် မတူညီတဲ့ အသက်အရွယ်တန်း (၂) ခုမှာ ခြေစွမ်းပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၀) ဂိုး ရယူထားသလို ဖန်တီးမှု (၆) ကြိမ်လည်း ပြုလုပ်ထားနိုင်ပါတယ်။

Ref : Daily Mail