ဂျေးဇုနဲ့ ထရောဆာဒ်တို့ ဒီနေ့ပွဲ ပါနိုင်မည်
ဒီနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဂျေးဇုနဲ့ ထရောဆာဒ်တို့ နှစ်ဦးစလုံးဟာ ပြန်လည်ကစားနိုင်ဖွယ် ရှိနေပါတယ်။
ဂျေးဇုဟာ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသူဖြစ်ပြီး လတ်တလောမှာတော့ အပြည့်အဝ သက်သာနေပြီဖြစ်ကာ ကြံ့ခိုင်မှု တည်ဆောက်နေတာပါ။
ပြီးခဲ့တဲ့တပတ်ကစလို့ အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်တွေမှာပါ ပါဝင်နေနိုင်ပြီဖြစ်တဲ့ ဘရာဇီးလ်သားအနေနဲ့ ဒီနေ့ပွဲရဲ့ လူစာရင်းထဲမှာ ပါဝင်နိုင်မယ်လို့ သိရပါတယ်။
ထရောဆာဒ်ကတော့ ဘုန်းမောက်နဲ့ပွဲမှာ ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ကနဦးအစက နိုင်ငံတကာရက်သတ္တပတ် မတိုင်မီအထိ အနားယူရမယ်လို့ ယူဆထားခဲ့တာပါ။
ဒါပေမဲ့လည်း မထင်မှတ်ဘဲ အလျင်အမြန် ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက်တော့ သတင်းကောင်းပါပဲ။
နှစ်ဦးစလုံးဟာ ပွဲထွက်လူစာရင်းထဲတော့ ပါဝင်လာနိုင်ခြေနည်းပြီး လူစားဝင်အဖြစ်သာ ဝင်ရောက်ကစားနိုင်မယ်လို့လည်း သိရပါတယ်။
မနေ့ညက သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ အာတေတာက ဂျေးဇုကို အစောတလျင် အသုံးပြုသွားမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
Ref : Goal
- Posted In:
- Team News