ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကြယ်ပွင့်ကို အပြိုင်လိုက်နေတဲ့ ကလပ်အသင်းတွေထဲ အာဆင်နယ် ပါဝင်လာ
အာဆင်နယ်အသင်းဟာ ဘရာဇီးလ်ကလပ် ပါမီရက်စ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဟာဖရယ် ဗီဂါကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာကြောင်း Goal သတင်းဌာနရဲ့ ဘရာဇီးလ်အခြေစိုက် သတင်းရင်းမြစ်တွေက အတည်ပြုလာပါတယ်။
အသက် (၂၇) နှစ်သားဟာ (၂၀၂၃) ခုနှစ်အတွင်းမှာ ပါမီရက်စ်အသင်းအတွက် (၅) ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ကာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်နဲ့ ဝုလ်ဗ်အသင်းတို့အပါအဝင် ဥရောပကလပ်အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံလာရတာပါ။
ဗီဂါအတွက် ကမ်းလှမ်းမှုတွေ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ ပါမီရက်စ်အသင်းက အတည်ပြုထားပေမယ့် ရာသီကုန် နွေအပြောင်းအရွှေ့မှာတော့ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ မြင်တွေ့လာရဖွယ် ရှိပါတယ်။ ဗီဂါဟာ ပါမီရက်စ်အသင်းနဲ့ (၂၀၂၆) ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပါတယ်။
ဒီနေရာမှာ ကစားသမားပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အရှုပ်အထွေးလေးတခုတော့ ရှိနေပါတယ်။ ပါမီရက်စ်အသင်းဟာ ဗီဂါကို (၈၅) ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး ကျန် (၁၅) ရာခိုင်နှုန်းကို ကစားသမားဘက်က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဆိုရရင် အပြောင်းအရွှေ့အတွက် ပါမီရက်စ်အသင်းက (၈၅) ရာခိုင်နှုန်းသာ ခံစားခွင့် ရှိမှာဖြစ်ပြီး ဗီဂါက (၁၅) ရာခိုင်နှုန်း အကျိုးအမြတ် ရသွားမှာ ဖြစ်ပါတယ်။
ပါမီရက်စ်အသင်းဘက်ကတော့ ဗီဂါကို အနှေးနဲ့အမြန် လက်လွှတ်ဆုံးရှုံးရနိုင်တယ်ဆိုတာ လက်ခံထားပေမယ့်လည်း ကစားသမားဖြစ်သူရဲ့ တန်ကြေးနဲ့ပတ်သက်လို့ကတော့ အခုထက်ထိ ဆုံးဖြတ်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဥက္ကဋ္ဌဖြစ်သူ လီလာ ပယ်ရဲရားက သူတို့အသင်းအနေနဲ့ ကစားသမားရောင်းချမှုအတွက် မစဉ်းစားရသေးကြောင်း ESPN ကို အတည်ပြုထားတာပါ။
ဗီဂါဟာ ကွင်းလယ်တိုက်စစ်မှာ ကစားသူဖြစ်ပေမယ့်လည်း နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်အထိုင်တွေမှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်တာကြောင့် နည်းစနစ်ပိုင်းအရ နေရာစုံ ကစားနိုင်သူလို့ ဆိုနိုင်ပါတယ်။ နည်းပြ အာတေတာရဲ့ ကစားကွက်ပိုင်းအရ အံဝင်နိုင်သူဖြစ်ပေမယ့် အသက်အရွယ်နဲ့ အရည်အသွေးပိုင်းကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့်နွေအပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်ကစားသမားတဦးနဲ့ နံပါတ် (၈) ကစားသမားတဦးတို့ကို ခေါ်ယူသွားဖွယ် ရှိနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ ဒက်ကလန် ရိုက်၊ ဘရိုက်တန်အသင်းရဲ့ မွိုက်ဆေး ကိုင်ဆယ်ဒိုနဲ့ မက္ကာလစ္စတာ၊ ဆိုစီဒက်အသင်းရဲ့ မာတင် ဇူဘီမန်ဒီတို့နဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref : Goal Brazil
- Posted In:
- Transfer News