တခြားပရီးမီးယားလိဂ်အသင်းတွေမှာ မရှိတဲ့ဟာကို ကြိုးပမ်းနေတဲ့ အာဆင်နယ်
ဘောလုံးဝေဖန်သုံးသပ်သူ ဂါဘရီယဲလ် အဘွန်လဟောက အာဆင်နယ်နဲ့ ဒေးဗစ် ရာယာတို့သတင်းထွက်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ဂန်းနားတွေဟာ လက်ရှိအချိန် အခြားပရီးမီးယားလိဂ်အသင်းတွေမှာ မရှိတဲ့ဟာတစ်ခုကို ရှိလာအောင် ကြိုးပမ်းနေတာလို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေတွေကို ရှာဖွေနေတာ ဖြစ်ပါတယ်။ ဂန်းနားတွေဆီကနေ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာမျိုး မရှိသေးပုံပေါ်ပေမယ့်လည်း ရာယာရဲ့ လက်ရှိအသင်းဟာ စိတ်ဝင်စားမှုကို သတိပြုမိနေသလို ဂိုးသမားကိုယ်တိုင်ကလည်း မြောက်လန်ဒန်ကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
အာရွန် ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ မေလကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း ရာယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေမှုက အာဆင်နယ်ဟာ တခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ မရှိတဲ့အရာတစ်ခုကို ကြိုးပမ်းနေတာဖြစ်နိုင်တယ်လို့ အဘွန်လဟောက ပြောကြားခဲ့ပါတယ်။
“ပရီးမီးယားလိဂ်မှာ ထိပ်တန်းဂိုးသမား ၂ ယောက်ရှိတဲ့အသင်း ဘယ်လောက်များများ ခင်ဗျားမြင်ဖူးလဲ။ လီဗာပူးလ်ရှိမယ်။ မန်ချက်စတာယူနိုက်တက်ရှိမယ်။ အသင်းတော်တော်များများက ထိပ်တန်းဂိုးသမား ၂ ဦးမရှိကြဘူး။ ခုကြားထားတဲ့သတင်းသာ မှန်ရင် ရမ်းစ်ဒေးလ်အပေါ်မှာ ခင်ဗျား ပြောသလိုပဲ ဖိအားပေးချင်တဲ့ပုံစံပဲဆိုတာ ကျွန်တော် နားလည်တယ်။ ခင်ဗျား အမှားတွေ လုပ်တာနဲ့ တခြားနေရာက လူတွေလိုပဲ လစ်ရမှာပဲ”
“ထိပ်တန်းအသင်းတွေမှာ ကောင်းကောင်း မကစားနိုင်တဲ့ ဗဟိုခံစစ်ကစားသမားတွေ၊ တောင်ပံကစားသမားတွေ ရှိတယ်။ ခင်ဗျား မကောင်းရင် ခင်ဗျားနေရာ ဝင်ယူမယ့်လူက ရှိနေတယ်။ အာဆင်နယ်လူစာရင်းကို ကြည့်လိုက်။ ခင်ဗျားကို တွန်းအားပေးနိုင်တဲ့ကစားသမားတွေရှိနေတယ်။ ပရီးမီးယားလိဂ်မှာ ကြည့်လိုက်ရင် အသင်းတွေမှာ ထိပ်တန်းဂိုးသမား ၂ ဦး မရှိကြဘူး။ ဒီဂိုးသမား ၂ ဦးစလုံးကလည်း တစ်ယောက်က ပရီးမီးယားလိဂ်ပွဲကစားပြီး တစ်ယောက်က ကာရာဘောင်းဖလားလောက်ပဲ ကစားရမှာမျိုးကို လက်ခံမှာမဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းလာတော့မှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News