အမ်ဘာပေအတွက် အလိုက်ပေးဖို့ ကစားသမား ၄ ဦးအထိရှိနေတဲ့ အာဆင်နယ် user

အမ်ဘာပေအတွက် အလိုက်ပေးဖို့ ကစားသမား ၄ ဦးအထိရှိနေတဲ့ အာဆင်နယ်

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို အာဆင်နယ်အသင်းက ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပြီး ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေဟာ ပြင်သစ်ကြယ်ပွင့်က လာမယ့်နွေရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်မနေချင်တော့ဘူးလို့ ပြောထားတာကြောင့် ကြီးမားတဲ့ငွေကြေးနဲ့ ရောင်းထုတ်သွားနိုင်တယ်လို့ တစ်ကြိုပေးခံထားရပါတယ်။

အမ်ဘာပေက ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းထက် အာဆင်နယ်ကို ပိုမို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးက ဂန်းနားတွေအတွက် အဓိကပြဿနာဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် Express က အာဆင်နယ်အသင်းအနေနဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးအစား အလဲအထပ်အဖြစ် ကမ်းလှမ်းလို့ ရနိုင်မယ့် ကစားသမား ၄ ဦးအထိ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မာတီနယ်လီ

အဆာင်နယ်ဟာ အမ်ဘာပေအတွက် အလိုက်ပေးမယ့်အစား မာတီနယ်လီကို ပိုပြီး ထိန်းသိမ်းထားချင်မှာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ အင်္ဂလန်မှာ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၃၆ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း အမ်ဘာပေသာ ၎င်းတို့ကို ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိအောင် ကူညီပေးဖို့ လိုအပ်တဲ့အကူအညီပေးနိုင်မယ်လို့ ယုံကြည်ရင်တော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲ့ တစ်ဦးကို ခေါ်ယူဖို့အတွက် အသက် ၂၂ နှစ်အရွယ် ကစားသမားကို စတေးနိုင်ပါတယ်။ ဂန်းနားတွေဟာ မာတီနယ်လီရဲ့ နေရာမှာ အစားထိုးဖို့အတွက် စမစ် ရိုးကို ပိုင်ဆိုင်ထားပြီးဖြစ်ပြီး ပီအက်စ်ဂျီသာ မာတီနယ်လီကို အလိုက်အနေနဲ့ ခေါ်ယူချင်မယ်ဆိုရင် အာတီတာနဲ့ အီဒူးတို့အနေနဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက် ချမှတ်သွားရမှာဖြစ်ပါတယ်။

နီကိုလာ ပေပေ

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ အသင်းရဲ့စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ထွက်ခွာခွင့်ပေးဖို့ အဆင်သင့်မဖြစ်နိုင်ပေမယ့် နီကိုလာ ပေပေကိုတော့ ပျော်ပျော်ကြီး အလိုက်ပေးချင်မှာဖြစ်ပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ပေမယ့်လည်း အမ်းမရိတ်စ်မှာ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ နိစ်မှာ အငှားနဲ့ ပြီးခဲ့တဲ့ရာသီကို ကုန်ဆုံးခဲ့ပြီးနောက် ဂန်းနားတွေနဲ့ အနာဂတ်မရှိတော့တဲ့ပုံပေါ်နေတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ အရင်တုန်းက လိုင်လီအသင်းအတွက် ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ထက် လီဂူးဝမ်းနဲ့ ပိုအံကိုက်တဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအနေနဲ့ လီယွန်နယ် မက်ဆီလည်း အသင်းကို စွန့်ခွာသွားပြီးဖြစ်တာကြောင့် လီဂူးဝမ်းနဲ့ အံကိုက်ပြီးသား ကစားသမားကို လိုချင်ကောင်း လိုချင်နိုင်ပါတယ်။

သောမတ်စ် ပါတေး

ပါတေးဟာ အာဆင်နယ်ကနေ ထွက်ဖို့ သတင်းထွက်နေတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ အာတီတာလက်အောက်မှာ ဂန်းနားတွေအတွက် အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့်လည်း ရာသီကုန်ခါနီးမှာ ခြေစွမ်းပိုင်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ကလည်း အမ်းမရိတ်စ်ကို ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ပါတေးက အသင်းကနေ ထွက်ချင်တယ်လို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပြီးဖြစ်ပြီး ဂါနာကွင်းလယ်လူဟာ ထိပ်တန်းပြိုင်ပွဲတွေမှာ ပါဝင်ကစားပေးနိုင်စွမ်းရှိနေဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ သောမတ်စ် ပါတေးကို ၎င်းတို့ရဲ့ အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရရှိအောင် ကူညီပေးနိုင်မယ့်ကစားသမားတစ်ဦးလို့ ရှုမြင်ထားနိုင်ပါတယ်။

ဖိုလာရင် ဘာလိုဂန်

အာဆင်နယ်က နောက်ထပ် အလိုက်အဖြစ် ကမ်းလှမ်းနိုင်တဲ့ ကစားသမားကတော့ တိုက်စစ်မှူး ဘာလိုဂန်ဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်း ၃၇ ပွဲမှာ ရင်းမ်စ်အသင်းအတွက် အငှားကစားသမားအဖြစ်နဲ့ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူအက်စ်အေ တိုက်စစ်မှူးရဲ့ ယခုရာသီ အာတီတာရဲ့ ပထမအသင်းထဲမှာ ပါဝင်နိုင်ခွင့်ဟာ တော်တော်လေး နည်းပါးနေပြီး ပီအက်စ်ဂျီသာ အမ်ဘာပေရဲ့နေရာမှာ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦး အစားထိုးချင်တယ်ဆိုရင် ဘာလိုဂန်ကို အလိုက်အဖြစ် ကမ်းလှမ်းမှုကို လက်ခံနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet