ပဟေဠိဆန်တဲ့ စကားလုံး ၃ လုံးပေးပို့လိုက်တဲ့ အာဆင်နယ်အဓိကပစ်မှတ် user

ပဟေဠိဆန်တဲ့ စကားလုံး ၃ လုံးပေးပို့လိုက်တဲ့ အာဆင်နယ်အဓိကပစ်မှတ်

အာဆင်နယ်အသင်းရဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကြောင့် အများစုဟာ ယူရီယန် တင်းဘားအနေနဲ့ ဂန်းနားတွေဆီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်ဆိုတာကို မေ့လျော့နေကြပုံပေါ်ပါတယ်။

အိုင်းယက်စ်နောက်ခံလူဟာ အာတီတာရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး တင်းဘားကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်အသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ယခုအပတ်မှာ နောက်ဆုံး ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးညှိနှိုင်းမှု ပြီးမြောက်ခဲ့တာကြောင့် နှစ်ဖက်စလုံးက အပြောင်းအရွှေ့ကို အပြီးသတ်ချင်နေကြတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၃၀ ကမ်းလှမ်းခဲ့ပြီးနောက် ပြောဆိုဆွေးနွေးမှုတွေ စတင်ခဲ့တဲ့အချိန်မှာ အိုင်းယက်စ်အသင်းက ပေါင်သန်း ၅၀ လောက်အထိ တောင်းဆိုခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေ အဆင်ပြေသွားခဲ့ပုံပေါ်ပါတယ်။

De Telegraaf ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ တင်းဘားကို ခေါ်ယူဖို့အတွက် ကနဦးယူရို ၄၂ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ထပ်ဆောင်းပေးချေမှုတွေ ပါဝင်ရင် ယူရို ၄၇ သန်းအထိ မြင့်တက်သွားနိုင်တာဖြစ်ပါတယ်။

ဒတ်ချ် နောက်ခံကစားသမားဟာ အိုင်းယက်စ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆဖြစ်တဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၈ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက ကစားသမားသစ်ခေါ်ယူမှုတွေကနေ အာတီတာ လိုချင်နေတဲ့ အရည်အချင်းဖြစ်တာကြောင့် အာဆင်နယ်နောက်တန်းအတွက် အလွန်ကောင်းမွန်တဲ့ ဖြည့်စွက်မှု ဖြစ်လာမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လ တုန်းက ဇင်ချန်ကို ကို အာတီတာရဲ့ ကစားကွက်ထဲမှာ Inverted နောက်ခံတောင်ပံကစားသမားအဖြစ် ကစားစေဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး တင်းဘားကလည်း အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ရာသီရဲ့ အချိန်အများစုကို ညာနောက်ခံအဖြစ် ကစားခဲ့ရပေမယ့်လည်း တင်းဘားဟာ အိုင်းယက်စ်ကွင်းလယ်မှာ နောက်ထပ်ရွေးချယ်စရာတစ်ခုအဖြစ် အတွင်းကို မကြာခဏ ဝင်ကစားပေးခဲ့ပြီး ၎င်းရဲ့ ဘောလုံးနဲ့ တည်ငြိမ်မှုက အာတီတာ နှစ်သက်မယ့် အရည်အချင်းဖြစ်ပါတယ်။

သဘောတူညီမှု ရရှိဖို့အတွက် နှစ်ဖက်စလုံးက အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် တင်းဘားဟာ အလွန် စိတ်အေးလက်အေး ရှိနေပုံပေါ်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ အသိရခက်တဲ့ သတင်းစကားကို တင်ခဲ့တာဖြစ်ပါတယ်။

စနေနေ့မနက်မှာ နယ်သာလန် နောက်ခံကစားသမားဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ “ကောင်းသော NBA နံနက်ခင်းပါ”လို့ တင်ခဲ့တာဖြစ်ပြီး ရုတ်တရက်ကြည့်ရင် တင်းဘားဟာ အန်ဘီအေ ဘတ်စကတ်ဘောကို ရည်ညွှန်းတယ်လို့ ထင်ရပေမယ့်လည်း ဇွန်လ ၇ ရက်နေ့က ဒန်းဗား နက်ဂတ်က မိုင်ယာမီ ဟိထ်တ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးကတည်းက ဘာပွဲမှ မရှိတော့တာဖြစ်ပါတယ်။

ဒါကြောင့် ယူရီယန် တင်းဘားရဲ့ လူမှုကွန်ရက်ပေါ်က သတင်းစကားနောက်ကွယ်က အဓိပ္ပာယ်အတိအကျက ဘာလဲဆိုတာကို ပရိသတ်တွေကြားမှာ သို့လောသို့လော ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet