အာဆင်နယ်က မိသားစုစိတ်ဓာတ်ရှိတဲ့အသင်းဆိုတဲ့ ဟာဗတ်ဇ်နဲ့ တွေ့ဆုံခြင်း coyg

အာဆင်နယ်က မိသားစုစိတ်ဓာတ်ရှိတဲ့အသင်းဆိုတဲ့ ဟာဗတ်ဇ်နဲ့ တွေ့ဆုံခြင်း

ခိုင် ဟာဗတ်ဇ်ဟာ ဂန်းနားဖြစ်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် အာဆင်နယ်အသင်းတရားဝင် ဝက်ဘ်ဆိုက်နဲ့ ပထမဆုံး အင်တာဗျူးမှာ အာဆင်နယ်မိသားစုနဲ့ ပူးပေါင်းရတာကို အလွန်စိတ်လှုပ်ရှားမိတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ဟာ အနောက်လန်ဒန်ကနေ မြောက်လန်ဒန်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် အမ်းမရိတ်စ်က အသင်းဖော်သစ်တွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန်နေပြီဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ အရမ်းကို စိတ်လှုပ်ရှားစရာပါ။ ကျွန်တော် ဒီ အံ့အားသင့်ဖွယ်အသင်းနဲ့ ပူးပေါင်းရလို့ အရမ်းဝမ်းသာမိပါတယ်။ ဒီအသင်းက ကြီးမားတဲ့သမိုင်းကြောင်းရှိတဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ အောင်မြင်မှုတွေ အများကြီးရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ကစားသမားတွေ၊ ဝန်ထမ်းတွေအားလုံးနဲ့ တွေ့ဆုံရဖို့ စောင့်မျှော်နေပါတယ်။ ဟုတ်ပါတယ်။ အဲဒါက စိတ်လှုပ်ရှားစရာကောင်းလာမှာပါ။ ”

ချဲလ်ဆီးအသင်းမှာ ရှိခဲ့တုန်းက အာဆင်နယ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့အချိန်မှာ တွေ့ကြုံခဲ့တာတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ခိုင် ဟာဗတ်ဇ်က အမြဲတမ်း စိန်ခေါ်မှုတွေဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့သလို ဂန်းနားတွေရဲ့ မိသားစုစိတ်ဓာတ်က ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရာမှာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကွင်းထဲမှာ မိသားစုစိတ်ဓာတ်ရှိတဲ့အသင်းကြောင့် အာဆင်နယ်နဲ့ ရင်ဆိုင်ကစားရတဲ့အချိန်မှာ ခက်ခဲရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်မယ်လို့ ထင်တယ်။ သူတို့တွေက ကွင်းပြင်ပမှာလည်း အဲဒီအတိုင်းပဲဖြစ်မယ်လို့ ထင်တယ်။ အဲဒီတော့ အသင်းလူစာရင်းထဲက စိတ်ဓာတ်ပိုင်းက အရမ်းကို မြင့်မားပြီး ခင်ဗျား အဲဒါကို ခံစားနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိနေတာ သိသာပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိဖို့အတွက် ကြီးမားတဲ့ အလားအလာတွေရှိနေပါတယ်”

ခိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး အဲဒီ ကျောနံပါတ်ဟာ ၎င်းရဲ့ ကစားသမားဘဝ တလျှောက် ဝတ်ဆင်ကစားခဲ့တာဖြစ်တာကြောင့် ၎င်းရဲ့ ကံကောင်းစေတဲ့နံပါတ်နောက်ကွယ်က အကြောင်းအရင်းကိုလည်း မေးမြန်းခဲ့မှုကို ဖြေကြားခဲ့ပါတယ်။

“ကျွန်တော် အဲဒီနံပါတ်ကို ဝတ်ဆင်ကစားခဲ့တာ ခုဆိုနှစ်ပေါင်းတော်တော်ကြာပါပြီ။ ကျွန်တော် ဂျာမနီမှာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ကတည်းက အဲဒီနံပါတ်ကို ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက အဲဒီနံပါတ်က ကျွန်တော့်ကို ကံကောင်းစေခဲ့တယ်။ ကျွန်တော် ပရော်ဖက်ရှင်နယ်ဖြစ်လာတဲ့အခါမှာ အဲဒီနံပါတ်ကိုပဲ ယူခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ညီနဲ့ သမိုင်းအချို့လည်း ရှိခဲ့လို့ပါ။ ကျွန်တော်တို့ ဗီဒီယိုဂိမ်းအချို့ အတူတူကစားခဲ့ကြတဲ့အချိန်မှာ အဲဒီကျောနံပါတ်ကို ယူနေကျပါ။ အဲဒါက ပြီးပြည့်စုံတဲ့ နံပါတ်လို့ ကျွန်တော်ထင်တယ်။”

လာမယ့်ရာသီမှာ အာဆင်နယ်အသင်းဟာ ခိုင် ဟာဗတ်ဇ် ကောင်းကောင်းသိတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည် ပါဝင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကြယ်ပွင့်ဟာ ၂၀၂၁ ခုနှစ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ခိုင် ဟာဗတ်ဇ်ဟာ ဥရောပထိပ်တန်းပြိုင်ပွဲမှာ အာဆင်နယ်အသင်းနဲ့အတူ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ခွင့်ရတော့မှာကို စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။

“ချန်ပီယံလိဂ်က ထူးခြားတဲ့ပြိုင်ပွဲလို့ ကျွန်တော် ထင်ပြီး ဘောလုံးသမားတိုင်းက အဲဒီပြိုင်ပွဲမှာ ပါဝင်ကစားချင်ကြတယ်လို့ ထင်ပါတယ်။ ကျွန်တော် အဲဒီဖလားကို အနိုင်ရရှိခဲ့တာက ကံကောင်းခဲ့ပြီး အဲဒါက ကျွန်တော့်အတွက်တော့ ခံစားခဲ့ရဖူးသမျှထဲမှာ အကောင်းဆုံးခံစားချက်ပါပဲ။ အဲဒီပြိုင်ပွဲမှာ လာမယ့်ရာသီမှာ အာဆင်နယ်နဲ့အတူ နောက်ထပ်တစ်ကြိမ် ကစားရမှာက ကျွန်တော့်အတွက် အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော် အသင်းထဲကို ကောင်းမွန်တဲ့ အရည်အချင်းအချို့ ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ်တစ်ကြိမ် ဆုဖလားရရှိနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အနိုင်ရရှိဖို့အတွက် ထူးခြားတဲ့ ဆုဖလားတစ်လုံးလို့ ကျွန်တော် ထင်လို့ပါ။”

Arsenal Myanmar

Ref: Internet