ဟာဗတ်ဇ်ကြောင့် အသင်းသားတွေကြား မငြိမ်မသက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အာတီတာ coyg

ဟာဗတ်ဇ်ကြောင့် အသင်းသားတွေကြား မငြိမ်မသက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ချဲလ်ဆီးအသင်းကနေ ခိုင် ဟာဗတ်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် လူစာရင်းထဲမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ကို ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းကို ပေါင် ၆၅ သန်းပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဟာဗတ်ဇ်ဟာ ဂန်းနားတွေနဲ့ ဆေးစစ်မှု ခံယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို စုစုပေါင်းပေးချေရမယ့် ပေါင် ၆၅ သန်းကို ၃ ရစ် ပေးချေသွားမယ်လို့ ယုံကြည်ရပြီး အဲဒီထဲမှာ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ ထပ်ဆောင်းပေးချေမှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဟာဗတ်ဇ်ကို အပြီးသတ်ခေါ်ယူဖို့ အာဆင်နယ်အသင်းက လက်ရှိမှာ လုပ်ဆောင်နေတာဖြစ်ပြီး ဂန်းနားတွေဟာ ဝက်စ်ဟမ်းက ဒီကလန် ရိုက်စ်နဲ့ အိုင်းယက်စ်က ယူရီယန် တင်းဘားတို့အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဟာဗတ်ဇ် ရောက်ရှိလာတော့မယ့်အခြေအနေက အာတီတာအတွက် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးခဲ့တာဖြစ်နိုင်ပြီး The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်တိုက်စစ်မှူး အက်ဒီ အန်ကီးတီးယားဟာ ချဲလ်ဆီးကြယ်ပွင့်ရောက်လာမယ့်သတင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ဂါဘရီယဲလ် ဂျေးဇုက လပေါင်းများစွာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ အသင်းအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အန်ကီးတီးယားဟာ ၃၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်ကြယ်ပွင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ ပွဲထွက်ခွင့်နေရာပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

ဟာဗတ်ဇ် ရောက်ရှိလာမှုက အန်ကီးတီးယားအတွက် အမ်းမရိတ်စ်မှာ ပွဲထွက်ခွင့်အတွက် မျှော်လင့်ချက် ပိုမို ဝေဝါးသွားစေမှာ အသေအချာဖြစ်ပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်အရ အာတီတာဟာ ဂျာမန်ကြယ်ပွင့်ကို ကွင်းလယ်မှာ ပြောင်းလဲအသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဟာဗတ်ဇ် ရောက်ရှိလာမှုက အန်ကီးတီးယားအတွက် ပြဿနာဖြစ်လာစေမှာဖြစ်ပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းအပါအဝင် ပရီးမီးယားလိဂ်က အခြားကလပ်အသင်းတွေအတွက် အချက်ပေးသံဖြစ်လာပြီဖြစ်ပါတယ်။

“အက်ဒီက သူ့ရဲ့ ကစားသမားဘဝမှာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ။ သူက အမြင့်မားဆုံးအဆင့်အတန်းမှာ ဂိုးတွေသွင်းနိုင်တယ်ဆိုတာကို သက်သေပြသပြီးပြီလို့ ခံစားနေရပြီး နောက်ထပ်ခြေလှမ်းက အပတ်တိုင်း ပါဝင်ကစားခွင့်ရဖို့ပဲ။ ဒါပေမယ့် အသင်းက နောက်ထပ် တိုက်စစ်မှူးကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာက အက်ဒီကို သူ့ရဲ့ အနာဂတ်က အသင်းမှာ တကယ်ကို ရှိသေးရဲ့လားဆိုပြီး တွေးစရာ ဖြစ်စေခဲ့တယ်။ သူ အသင်းပြောင်းဖို့ လုပ်မယ်ဆိုရင် ခေါ်မယ့်အသင်းတော့ ရှားမှာမဟုတ်ပါဘူး။ ခရစ္စတယ် ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့ ၂ သင်းစလုံးက ထိပ်ဆုံးကနေ တန်းစီနေပါတယ်။ နှစ်သင်းစလုံးက တစ်ရာသီ ဂိုး ၂၀ လောက်သွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုး မရှိဘူးဖြစ်နေပြီး အန်ကီးတီးယားက ပရီးမီးယားလိဂ်မှာ သူ အဲဒီလိုလုပ်နိုင်တယ်လို့ ယုံကြည်နေပါတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက The Sun က ဖော်ပြခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet