သပိတ်မှောက်ခံရမယ့် အာဆင်နယ်နဲ့စီးတီးပွဲအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက် ချလိုက်တဲ့ အက်ဖ်အေ coyg

သပိတ်မှောက်ခံရမယ့် အာဆင်နယ်နဲ့စီးတီးပွဲအတွက် ကြီးမားတဲ့ဆုံးဖြတ်ချက် ချလိုက်တဲ့ အက်ဖ်အေ

ကွန်မြူနတီဒိုင်းလုပွဲ ကျင်းပမယ့်အချိန်ကို အက်ဖ်အေက ပြောင်းလဲခဲ့ပြီး အာဆင်နယ်နဲ့ မန်စီးတီး ပရိသတ်တွေဆီကနေ သပိတ်မှောက် မခံရအောင် ညနေ ၄ နာရီအချိန်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ကွန်မြူနတီဒိုင်းလုပွဲကို ဩဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး ပွဲစတင်ချိန်ဟာ ပရိသတ်တွေကြားမှာ မကျေမနပ်ဖြစ်စရာတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဝင်ဘလေကွင်းကို တနင်္ဂနွေနေ့ညနေမှာ ခရီးထွက်ခွာရမယ့် ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာမဟုတ်ဘဲ ရထားတွေဟာ ပွဲအပြီးချိန်မှာ အကန့်အသတ်နဲ့သာ ရှိတော့မှာ ဖြစ်တာကြောင့် ပွဲကို တက်ရောက်ကြည့်ရှုလိုခြင်းမရှိတဲ့ ပရိသတ်တွေဆီကနေ သပိတ်မှောက်ခံရနိုင်တဲ့ အလားအလာရှိနေတာ ဖြစ်ပါတယ်။

ပွဲကစားချိန်ကို ညနေ ၄ နာရီ ပြောင်းလဲလိုက်ခြင်းကြောင့် ပွဲကစားချိန် မိနစ် ၉၀ ရှေ့ရောက်သွားခဲ့တာဖြစ်ပြီး အက်ဖ်အေရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “ဩဂုတ်လ ၆ ရက်နေ့ ဝင်ဘလေကွင်းမှာ ကစားသွားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ၂၀၂၃ အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲဟာ ညနေ ၄ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲအဖွင့်ပွဲစဉ်ကို ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ လုပ်ဖော်ကိုင်ဖက်များ၊ ဒေသတွင်း အာဏာပိုင်များ၊ ရဲတပ်ဖွဲ့နဲ့ ယှဉ်ပြိုင်မယ့်အသင်းတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပြီးနောက်ပိုင်း စောစော ကန့်လန့်ကာဖွင့်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ပွဲအပြီး မန်ချက်စတာကို ပြန်ရမယ့် ပရိသတ်တွေအတွက် သယ်ယူပို့ဆောင်ရေးက စိန်ခေါ်မှုဖြစ်နေတာကို အပြည့်အဝ ထည့်သွင်းစဉ်းစားပြီးနောက်ပိုင်း ပွဲကစားချိန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲအတွက် လက်မှတ်အသေးစိတ်အချက်အလက်တွေကို တတ်နိုင်သမျှ အစောဆုံး ကြေညာသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ပွဲကစားချိန် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ကွန်မြူနတီဒိုင်းလုပွဲကို ဆက်လက် သပိတ်မှောက်ဦးမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ပရီးမီးယားနဲ့ အက်ဖ်အေဖလား ချန်ပီယံတွေကြားမှာ နှစ်စဉ် ယှဉ်ပြိုင်ကစားကြတဲ့ ရာသီအဖွင့်ပွဲစဉ်တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားရော အက်ဖ်အေဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းက ကွန်မြူနတီဒိုင်းလုပွဲမှာ ဂွါဒီယိုလာရဲ့ ဖလား ၃ လုံးတပြိုင်နက်ရရှိခဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၀ ခုနှစ်တုန်းက ကွန်မြူနတီဒိုင်းလုပွဲမှာ လီဗာပူးလ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ လက်စတာစီးတီးတို့ဟာ ပုံမှန်ကစားနေကျ ဝင်ဘလေကွင်းအစား လက်စတာစီးတီးရဲ့ ကင်းပါဝါကွင်းမှာ ကစားခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် တစ်ရာသီလုံး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာ ဂွါဒီယိုလာရဲ့အသင်းက ကျော်တက်သွားတာကြောင့် အာတီတာအနေနဲ့ အဓိကပြိုင်ဘက်တွေကို အစောဆုံး လက်စားချေနိုင်ဖို့ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဖလား ၃ လုံးတပြိုင်နက်ရရှိခဲ့တဲ့ ချန်ပီယံတွေနဲ့ ရင်ဆိုင်ဖို့ အင်အားတိုးမြှင့်နိုင်မလားဆိုတာသာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet