ဂန်းနားတွေအတွက် ကစားပေးချင်လို့ ရောင်းပေးဖို့ တောင်းပန်ခဲ့တဲ့ ကစားသမား
ဖက်ဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်ဟာ အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် ကစားပေးချင်နေတယ်လို့ သိရပါတယ်။
နာမည်ကျော် ဂျာနယ်လစ်က ခိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ်အတွက် ကစားပေးချင်တယ်လို့ ချဲလ်ဆီးအသင်းကို ပြောကြားခဲ့ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာရဲ့အသင်းနဲ့ ပူးပေါင်းချင်နေတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေမှာ ကစားနိုင်သူ ဖြစ်ပြီး ဂန်းနားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရိုမာနိုက အာဆင်နယ်ဟာ ဟာဗတ်ဇ်အတွက် ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းက ကနဦး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
ဖက်ဘရီဇီယို ရိုမာနိုက တွစ်တာကနေတဆင့် “ခိုင် ဟာဗတ်ဇ်က ဒီသဘောတူညီမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းခဲ့ပါတယ်။ သူက ဒီအပတ် စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး မီးစိမ်းပြခံရပြီးနောက် အာဆင်နယ်အတွက် ကစားပေးချင်နေတယ်။ ပုဂ္ဂိုလ်ရေးအချက်အလက်တွေတော့ သဘောတူညီမှုရခဲ့ပြီ။ သိပ်မကြာခင် ကမ်းလှမ်းမှုအသစ် ပြုလုပ်လိမ့်မယ်။ နိုင်ငံတကာ အားလပ်ရက်အပြီးမှာ သဘောတူညီမှု အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ နားလည်ရပါတယ်။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂျာမန်ကြယ်ပွင့်အတွက် ပေါင်သန်း ၇၀ လောက် တောင်းဆိုထားတယ်လို့ သိရပြီး အာဆင်နယ်အနေနဲ့ အဲဒီလောက် ပမာဏကို ခိုင် ဟာဗတ်ဇ်အတွက် ပေးချေချင်လားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ နောက်ဆုံးမှာတော့ လေဗာကူဆင် ကြယ်ပွင့်ဟောင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ကနေ ၆၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှု ရရှိကောင်း ရရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News