အာဆင်နယ်ကို ပြောင်းမယ့် ရိုက်စ်ကို သတိပေးစကား ပြောကြားလိုက်တဲ့ ကာရေဂါ
ဂျေမီ ကာရေဂါက ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်မှာ ကြီးမားတဲ့ အောင်မြင်မှုဇာတ်လမ်းကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း အမ်းမရိတ်စ်ကို သွားရင်တော့ ဆုဖလားအောင်မြင်မှုရဖို့ အာမခံချက်မရှိဘူးလို့ သတိပေးခဲ့ပါတယ်။
ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ထပ်ဆောင်းပေးချေမှုတွေနဲ့ဆိုရင် ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ အသင်းသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ်နဲ့ ခေါ်ယူနိုင်ဖို့ ဝက်စ်ဟမ်းနဲ့ ညှိနှိုင်းနေပြီး သဘောတူညီမှုရရှိဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းက အလိုချင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ကာလရှည် စိတ်ဝင်စားမှု ခံခဲ့ရသလို ဘိုင်ယန်မြူးနစ်ကလည်း ယခုနွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဂန်းနား နည်းပြ အာတီတာက ဝက်စ်ဟမ်းကြယ်ပွင့်ဟာ လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ပြီး မန်စီးတီးကို ဒီထက်ပိုပြီး တွန်းအားပေးနိုင်အောင် ကူညီပေးနိုင်မယ့်ကစားသမားအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးတပြိုင်နက် အောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပြီး ဂွါဒီယိုလာအသင်းရဲ့ အားကောင်းနေမှုကြောင့် လီဗာပူးလ်ဂန္တဝင် ကာရေဂါက စီးတီးဟာ ယခုနွေရာသီမှာ ပြောင်းရွှေ့မယ့်ကစားသမားတွေကို ဆုဖလားအောင်မြင်မှု အာမခံနိုင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း ရိုက်စ်က အာဆင်နယ်မှာ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနိုင်ခွင့် ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီကလန် ရိုက်စ်နဲ့ပတ်သက်ပြီး ပြောရခက်တယ်။ ဟာရီ ကိန်းကလည်း ဒီအခြေအနေအတိုင်းပဲလို့ ထင်တယ်။ သူတို့တွေက ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို စိန်မခေါ်နိုင်တဲ့အသင်းတွေမှာ ရှိနေကြတယ်။ ဒါပေမယ့် မန်စီးတီးကို မသွားဘူးဆိုရင်တော့ ခင်ဗျား လိုချင်တဲ့ ဆုဖလားတွေရနိုင်မယ်လို့ အာမခံချက်ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခင်ဗျားကိုယ်ခင်ဗျား အခွင့်အရေးပေးချင်ပြီး လာမယ့်ရာသီ အာဆင်နယ်ကို ပြောင်းရွှေ့မယ့်ဆိုရင် ခက်ခဲတဲ့ မေးခွန်းရှိလာမှာပါ။ ဂန်းနားတွေရဲ့ ဒီရာသီ ဆုဖလား စိန်ခေါ်နိုင်မှုက တစ်ကြိမ်တစ်ခါပဲလား ဒါမှမဟုတ် သူတို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ အကြီးမားဆုံးအသင်းတွေကို စိန်ခေါ်သွားနိုင်မှာလား။ ဘာလို့လဲဆိုတော့ အဲဒီလိုမဖြစ်ခဲ့တော့တာ တော်တော်လေး ကြာခဲ့ပြီမို့လို့ပါ”
“ရိုက်စ်က ချဲလ်ဆီးကိုပဲ သွားလိမ့်မယ်လို့ ကျွန်တော် အမြဲတမ်း ခံစားခဲ့ရတယ်။ ဒါပေမယ့် သူ အာဆင်နယ်ကို သွားနိုင်တယ်။ အဲဒါက သူ့အတွက် အရမ်းကောင်းမှာပါ။ သူတို့မှာရှိနေတဲ့အရာကနေ သူ နောက်ထပ်ခြေလှမ်းလှမ်းနိုင်မှာဖြစ်ပေမယ့် သူတို့နဲ့အတူ အကြီးမားဆုံး ဆုဖလားတွေကို အနိုင်ရရှိမယ်လို့ အာမခံချက် မရှိပါဘူး။ အခုဆိုရင် အဲဒါက အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်နေတယ်။ သူက သူ့ကိုယ်သူ ဥရောပဘောလုံးလောကမှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဆိုတာကို သွားပြီး ပြသရမယ့် အသက်အရွယ်မှာ ရှိနေပြီလို့ ကျွန်တော် ထင်တယ်။ အဲဒီတော့ သူ အဲဒီအပြောင်းအရွှေ့ကို ပြုလုပ်ရမှာပါ။ ဂျုဒ် ဘယ်လင်ဟမ် လုပ်ခဲ့တဲ့အတိုင်း သူ နည်းနည်း ပိုငယ်တဲ့အသက်အရွယ်မှာ ဒေ့ါမွန်ကို ပြောင်းခဲ့သလိုမျိုး နောက်ထပ်ခြေလှမ်းတစ်ခုကို လှမ်းရမှာပါ။ အာဆင်နယ်က သူ့အတွက် တကယ် သင့်တော်တဲ့အသင်းဖြစ်ပါလိမ့်မယ်။ သူက သူတို့ကို အဆင့်တစ်ခုကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မှာ ကျိန်းသေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet