ရိုက်စ်ရဲ့အပြောင်းအရွှေ့မှာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုပြုလုပ်သွားမယ့် ဝက်စ်ဟမ်းနဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ရိုက်စ်ရဲ့အပြောင်းအရွှေ့မှာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုပြုလုပ်သွားမယ့် ဝက်စ်ဟမ်းနဲ့ နောက်ဆုံးရဂန်းနားသတင်းများ

-ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ရောင်းချမယ့်အချိန်မှာ အာဆင်နယ်ကို စျေးသက်သက်သာသာနဲ့ ဝယ်ယူခွင့်ပေးမယ့်ပုံမပေါ်ဘဲ သဘောတူညီမှုကို ပိုမိုခက်ခဲအောင် ဂန်းနားတွေ လက်မလွှတ်ချင်တဲ့ ကစားသမားကို အလိုက်အဖြစ် တောင်းဆိုသွားချင်နေတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဒေးဗစ် မွိုက်စ်ဟာ စမစ် ရိုးကို အပြောင်းအရွှေ့မှာ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းချင်နေတာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲထွက်ခွင့်မှာ နောက်ရောက်သွားခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် ပုံမှန်ပွဲကစားခွင့်ကို လိုချင်နေမှာဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်ကသာ စမစ် ရိုးကို အလိုက်ပေးဖို့ သဘောမတူဘူးဆိုရင်တော့ ဒီကလန် ရိုက်စ်အတွက် အမြင့်မားဆုံးဖြစ်နိုင်တဲ့ စျေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဖက်ဒရီကို ချီယေဆာကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ဂျူဗင်တပ်အသင်းကို စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပြီး ဂန်းနားတွေဟာ ကွင်းလယ်ကို ဦးစားပေး အင်အားဖြည့်တင်းချင်နေတာဖြစ်ပေမယ့်လည်း နေရာစုံ ကစားနိုင်တဲ့ တိုက်စစ်ကစားသမားလည်း လိုအပ်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကစားသမားအများအပြားနဲ့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း La Repubblica က လက်ရှိမှာတော့ ဂန်းနားတွေဟာ ဂျူဗင်တပ်ကြယ်ပွင့် ချီယေဆာကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ချီယေဆာရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၆၀ ဝန်းကျင် သတ်မှတ်ထားပြီး ယခုနွေရာသီမှာ စာချုပ်သက်တမ်းနောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ချီယေဆာဟာ အီတလီမှာ တိုက်စစ်အရည်အချင်းအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး အသက် ၂၅ နှစ်အရွယ် အီတလီကြယ်ပွင့်ဟာ လျင်မြန်ပြီး အလိမ်အခေါက်ကောင်းကောင်းနဲ့ ဂိုးတွေသွင်းယူနိုင်တာကြောင့် ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျိုး ကိုးက လူးဝစ္စ ဆွာရက်ဇ် အသေးစားလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအစား အမ်းမရိတ်စ်ကိုပဲ ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့ဖူးတဲ့ လက်စတာစီးနောက်ခံလူ တီမိုသီ ကက်စတာညဲကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး မြေခွေးတွေဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တာကြောင့် ဂျိမ်းစ် မက်ဒီဆင်၊ ကက်စတာညဲအပါအဝင် ထိပ်တန်းကစားသမားအများအပြားကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်အတွက် အလွန် တက်ကြွနေတာဖြစ်ပြီး ကက်စတာညဲက အာတီတာရဲ့ ပစ်မှတ်စာရင်းထဲမှာပါဝင်နေတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်နောက်ခံလူဟာ ၂၀၂၀ ခုနှစ်တုန်းက အတ္တလန္တာကနေ လက်စတာစီးတီးကို ပေါင် ၂၁.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မြေခွေးတွေက ကြယ်ပွင့်ကစားသမားအတွက် ပေါင် ၁၂.၈ သန်းနဲ့ ပေါင် ၁၇.၁ သန်းကြားလောက်ရရင် ရောင်းမှာဖြစ်တဲ့အတွက် လာမယ့်ရက်သတ္တပတ်အတွင်း အာဆင်နယ်က ခေါ်ယူသွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းဟာ မန်ချက်စတာစီးတီးကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေမှာ အပြုသဘော တိုးတက်မှုတွေ ရှိနေပြီး ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိနေပေမယ့်လည်း ကန်ဆယ်လို ရောက်ရှိလာမှုက ဂန်းနားတွေရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားကို အခန်းကဏ္ဍသစ်မှာ မဖြစ်မနေ ပြောင်းကစားရစေနိုင်တယ်လို့ သိရပါတယ်။ Sky Sports က အာဆင်နယ်ဟာ အသက် ၂၉ နှစ်အရွယ် နောက်ခံတောင်ပံကစားသမားကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၂၁-၂၀၂၂ ၂ နှစ်ဆက်တိုက် PFA တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကန်ဆယ်လိုရဲ့ တိုက်စစ်အပေါ် အကျိုးသက်ရောက်မှုက ပြီးခဲ့တဲ့ ၃ ရာသီအတွင်း အာနိုးနဲ့ ရောဘတ်ဆန်တို့ကို မမီခဲ့ဘဲ ဂွါဒီယိုလာက ယခုရာသီဝက်မှာ ကစားကွက်ကို ၃-၂-၄-၁ ပုံစံ ပြောင်းလဲခဲ့ရာမှာ ကန်ဆယ်လိုက ညာတောင်ပံမှာ တိုက်စစ်ပိုမိုလိုက်ပါတဲ့ နေရာမှာ မအောင်မြင်ခဲ့တဲ့နောက် ဘိုင်ယန်ကို ဇန်နဝါရီလမှာ အငှားချခံခဲ့ရတာဖြစ်ပါတယ်။ Football Transfers ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ မန်စီးတီးက ပေါင် ၄၃ သန်းကနေ ၆၀ သန်းဝန်းကျင် သတ်မှတ်ထားတဲ့ ကန်ဆယ်လိုအတွက် လာမယ့်ရက်ပိုင်းအတွင်း ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပြီး အပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် အာတီတာက ပေါ်တူဂီနောက်ခံလူကို ညာနောက်ခံနေရာမှာ ချက်ချင်း ပွဲထွက်စေမှာဖြစ်ပါတယ်။ ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့က ကန်ဆယ်လို ရောက်ရှိလာမှုကြောင့် အနေအစားမပျက်ပေမယ့် ဘန် ဝှိုက်ကတော့ အရန်ခုံ ပို့ခံရမှာဖြစ်ပြီး ညာနောက်ခံနဲ့ ဗဟိုခံစစ်နေရာတွေမှာ လိုအပ်ရင် ကာဗာလုပ်ပေးရမှာ ဖြစ်ပါတယ်။

-ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီလိုက်ပြီဖြစ်ပြီး လအတော်ကြာ ပြောဆိုဆွေးနွေးနေမှုတွေကို အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေအပြင် ပြည်ပကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရသူဖြစ်ပေမယ့်လည်း အမ်းမရိတ်စ်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သိပ်မကြာမီအချိန်အတွင်း စာချုပ်မှာ တရားဝင် လက်မှတ်ရေးထိုးသွားတော့မယ်လို့ သိရပါတယ်။ အာတီတာဟာ ဆာကာ၊ မာတီနယ်လီ၊ ရမ်းစ်ဒေးလ်တို့လို ၂၀၂၃ ခုနှစ်မှာ အဓိကကစားသမားဖြစ်ခဲ့တဲ့ ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတိုင်း ဆာလီဘာရဲ့ ကာလရှည်အနာဂတ်ကို စိတ်ချလက်ချဖြစ်ချင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ်နောက်ခံလူက စာချုပ်သစ်အတွက် သဘောတူညီလိုက်ပြီဖြစ်တာကြောင့် ဂန်းနားတွေအနေနဲ့ လာမယ့်ရာသီမတိုင်ခင် ယခုနွေရာသီမှာ အဓိကပစ်မှတ်တွေကို အာရုံစိုက် ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet