ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားပစ်မှတ် coyg

ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ ဝန်ခံခဲ့တဲ့ ဂန်းနားပစ်မှတ်

ဖီအိုရင်တီးနားကြယ်ပွင့် အမ်မရာဘတ်က ပရီးမီးယားလိဂ်မှာ ကစားရတာက ကောင်းမွန်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ယခုနွေရာသီမှာ ထိပ်တန်းအင်္ဂလိပ်အသင်းကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ပိုမိုအရှိန်မြှင့်ပေးခဲ့ပါတယ။

အမ်မရာဘတ်ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံး ရောက်ရှိခဲ့ဖူးတဲ့ အာဖရိကအသင်းဖြစ်ခဲ့တဲ့ မော်ရိုကိုအသင်းရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ပြီးခဲ့တဲ့နှစ်မှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိနစ်တိုင်း ကစားခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ ကမ္ဘာ့ဖလားရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး အဲဒီအချိန်ကတည်းက ဥရောပထိပ်တန်းအသင်းအများအပြားဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလမှာ အမ်မရာဘတ်ဟာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့လည်း မကြာသေးမီက သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဆာဂီယို ဘူးစကတ်ရဲ့ နေရာမှာ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်ကလည်းက ဒီကလန် ရိုက်စ်အပြင် နောက်ထပ် စျေးသက်သာတဲ့ ရွေးချယ်စရာအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

“ဟုတ်တာပေါ့။ ပရီးမီးယားလိဂ်က ထူးခြားဆန်းကြယ်တဲ့လိဂ်ပါ။ ကမ္ဘာပေါ်က အားအကောင်းဆုံးလိဂ်တွေထဲက တစ်ခုပါ။ အဲဒီမှာ တစ်နေ့ကျ ကစားရရင် ကောင်းမှာပါ။ ဒါပေမယ့် အဲဒါက ကျွန်တော် အင်္ဂလန်ကိုပဲ သွားချင်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စပိန်ကလည်း ကောင်းတယ်။ စီးရီးအေကလည်း ကောင်းမွန်တဲ့လိဂ်မို့လို့ပါ။ ဘောလုံးက အများကြီး ပြောင်းလဲသွားခဲ့တယ်။ အဲဒါက ပိုပြီး ရုပ်ပိုင်းဆိုင်ရာဆန်လာတယ်။ ခင်ဗျား ပိုပြီးတော့ အားကစားသမားပီသမှရမယ်။ အရှိန်နဲ့ ပြင်းထန်မှုက ပိုပြီးတော့ မြင့်မားလာတယ်။ ဟုတ်တာပေ့ါ။ အင်္ဂလန်မှာ ပြင်းထန်မှုက အရမ်းမြင့်မားတယ်။ အဲဒီတော့ အဲဒါက ကျွန်တော်နဲ့ သင့်တော်မယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ဝက်ဖို့ဒ်အသင်းအတွက် ကစားပေးခဲ့တဲ့ အမ်မရာဘတ်ရဲ့ အစ်ကိုဖြစ်သူ နော်ဒင်က ကမ္ဘာ့ဖလားအပြီးမှာ မော်ရိုကို ကွင်းလယ်ကြယ်ပွင့်အပေါ် စိတ်ဝင်စားမှုမြင့်တက်လာတာက ဥရောပက ကလပ်အသင်းတွေဟာ ၎င်းရဲ့ညီက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာ သိသွားကြလို့ဖြစ်တယ်လို့ ဒီဇင်ဘာလတုန်းက ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဆော့ဖ်ရန်အတွက် မယုံနိုင်လောက်အောင် တကယ် ဂုဏ်ယူမိပါတယ်။ ခင်ဗျား ဒီလိုအဆင့်မှာ အရမ်းကောင်းကောင်း ကစားနိုင်တဲ့အခါမှာ ခင်ဗျားအတွက် အများကြီး သွားစရာရှိပါတယ်။ အိပ်ပျော်နေခဲ့တဲ့ ဥရောပက ထိပ်တန်းအသင်းတွေ နိုးလာကြပြီလို့ ကျွန်တော် ထင်တယ်။ ဇန်နဝါရီ(၂၀၂၂)မှာ ဆော့ဖ်ရန် ကိုယ်တိုင်က စပါးစ်နဲ့ စကားပြောဆိုခဲ့ပြီးသားဖြစ်ပေမယ့် ဖီအိုရင်တီးနားနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုမရခဲ့ပါဘူး။ အခုဆိုရင် စိတ်ဝင်စားတဲ့အသင်းတွေက တန်းစီနေကြပြီလို့ ထင်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet