အာတီတာရဲ့နည်းပြရာထူးက အန္တရာယ်ရှိနေပြီလို့ သတိပေးလိုက်တဲ့ ဂန်းနားဂန္တဝင်
တိုနီ အဒမ်စ်က ၎င်းရဲ့အသင်းဟောင်း အာဆင်နယ်ဟာ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီလို့ သတိပေးခဲ့ပြီး နည်းပြ အာတီတာအနေနဲ့ ၎င်းရဲ့ အလုပ်ကို ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ဒုတိယနေရာကနေ ရာသီပြီးဆုံးခဲ့တာဖြစ်ပြီး အာတီတာ နည်းပြအဖြစ် ရောက်ရှိလာပြီးနောက်ပိုင်း အကောင်းဆုံး အဆင့်ရပ်တည်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီအစောပိုင်းတုန်းက မန်စီးတီးကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မယ့်ပုံ ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေစွမ်းကျဆင်းသွားမှုကြောင့် မန်ချက်စတာစီးတီးက အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်က ဖလားလက်မဲ့နဲ့ ရာသီပြီးဆုံးခဲ့ရပြန်တာဖြစ်ပါတယ်။
“အာတီတာက အာဆင်နယ်ကို သူ့မှာရှိနေတဲ့ လူစာရင်းနဲ့ ဒုတိယနေရာရအောင် အံ့အားသင့်ဖွယ် လုပ်ဆောင်ပေးခဲ့တယ်။ ဒါပေမယ့် နည်းပြတစ်ယောက်က ကြီးကြီးမားမား အလွန်အမင်း စွမ်းဆောင်ပြနိုင်တဲ့အချိန်မှာ အသင်းရဲ့ မျှော်မှန်းချက်တွေကလည်း လိုက်ပြီးတော့ မြင့်တက်လာတယ်။ နောက်လာမယ့်ရာသီမှာ အဲဒီ တိုးတက်မှုအဆင့်အတန်းကို မထိန်းသိမ်းနိုင်ဘူးဆိုရင် မကြာခဏဆိုသလို ပြဿနာတွေရှိပါတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်ကျရင် ခရစ္စမတ်လောက်ဆို သူ မကြာခဏ ပြဿနာတက်နိုင်တယ်”
ဒါပေမယ့်လည်း တိုနီ အဒမ်စ်က အာဆင်နယ်အနေနဲ့ ၎င်းတို့ကို ၂၀၁၉-၂၀၂၀ ရာသီ အက်ဖ်အေဖလား အောင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အာတီတာကို ထုတ်ပယ်မှာမဟုတ်ဘဲ ဆက်လက် ထောက်ခံသွားမယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“ကျွန်တော်က ဂန်းနားတွေ အာတီတာကို ထုတ်ပစ်တော့မယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်လာမှာကို ကြောက်ရွံ့မိပါတယ်။ သူတို့ကို ဒီလောက်အဆင့်မြင့်မြင့်နဲ့ ရာသီပြီးဆုံးမယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။ ဒါပေမယ့် ဒါတွေအားလုံးဖြစ်လာတော့ ဒီကနေ သူတို့တွေ ဘယ်ကို သွားကြမှာလဲ။ ကျွန်တော် ပျက်စီးခြင်းနိမိတ်ကို ရှေ့ဖြစ်ဟောရတာမျိုးကို မုန်းတယ်။ ဒါပေမယ့် ဒီအသင်းက အထွတ်အထိပ်ကို ရောက်သွားပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်”
“အဲဒါက သူတို့တွေထဲက အများစုအတွက် အကောင်းဆုံးရရှိဖူးတဲ့ရာသီဖြစ်နိုင်တယ်။ သူတို့တွေ အဲဒီအဆင့်အတန်းမျိုး ထပ်ရတော့မယ်လို့ မထင်ဘူး။ သူတို့တွေက ဒီနွေရာသီမှာ လေးနက်တဲ့ ကစားသမားသစ် ခေါ်ယူမှုမျိုးမရှိဘဲ လာမယ့်ရာသီ မန်စီးတီးကို ကျိန်းသေပေါက် စိန်ခေါ်သွားနိုင်မှာမဟုတ်ပါဘူး။ နောက်ထပ်တစ်ကြိမ် ဒုတိယရဖို့တောင် ရုန်းကန်ရပါလိမ့်မယ်။ မန်စီးတီး အရန်အသင်းက ပရီးမီးယားလိဂ်က ဘယ်အသင်းထက်မဆို ပိုကောင်းတယ်။ ကျွန်တော်တို့ နယူးကာဆယ်၊ မန်ယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့ အားလုံးကလည်း လာမယ့်ရာသီမှာပိုပြီးအားကောင်းလာမယ်ဆိုတာကို သိနေကြပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- News
- Team News