အာဆင်နယ်က ထွက်မယ့် ကောလာဟလတွေကို အဖြေပေးလိုက်တဲ့ ချာကာ coyg

အာဆင်နယ်က ထွက်မယ့် ကောလာဟလတွေကို အဖြေပေးလိုက်တဲ့ ချာကာ

ဂရာနစ် ချာကာဟာ အာဆင်နယ်ကနေ ထွက်ခွာနိုင်ခြေကို ဖွင့်ဟခဲ့ပြီး ၎င်းရဲ့ ဇနီးက ဂျာမနီကို ပြန်သွားဖို့ နောက်ကွယ်ကနေ တွန်းအားပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ချာကာဟာ ယခုနွေရာသီမှာ လေဗာကူဆင်အသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့ညက ဝုလ်ဗ်စ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ဆွစ်ဇာလန်ကွင်းလယ်ကစားသမားအတွက် နောက်ဆုံးပါဝင်ကစားပေးတဲ့ နှုတ်ဆက်ပွဲဖြစ်ခဲ့ပုံပေါ်ပါတယ်။

ချာကာဟာ ပထမပိုင်းမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၇၅ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရချိန်မှာ အမ်းမရိတ်စ်ကွင်းထဲက ပရိသတ်ရဲ့ မတ်တပ်ရပ် လက်ခုပ်ဩဘာပေးခြင်းခံခဲ့ရချိန်မှာ ဝမ်းနည်းကြေကွဲနေပုံပေါ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ချာကာအသင်းကို စွန့်ခွာတော့မှာလားဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း ပရိသတ်အများစုကတော့ အသက် ၃၀ အရွယ်ကစားသမား ထွက်ခွာဖို့ ပြင်ဆင်နေပြီဆိုတာကို သိရှိကြောင်း အသင်းအတွက် လုပ်ဆောင်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်တဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ပြသခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်ကစားသမားတွေဟာ ပရိသတ်တွေကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြပြီး ချာကာလည်း မိသားစုနဲ့အတူ အသင်းသားတွေအားလုံးနဲ့ ကွင်းထဲမှာ လိုက်လံနှုတ်ဆက်ခဲ့တာက အမ်းမရိတ်စ်ကွင်းထဲမှာ နောက်ဆုံးအကြိမ် ရှိနေခဲ့ပုံပေါ်နေတာဖြစ်ပါတယ်။

ချာကာဟာ အမ်းမရိတ်စ်ကွင်းကို စွန့်ခွာဖို့ ကားထဲကို ရောက်တဲ့အချိန်မှာ နောက်ဆုံးအကြိမ် ပရိသတ်အုပ်ကြီးရဲ့ ဝန်းရံခြင်းခံခဲ့ရပြီး အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့ရသလို အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ချာကာဟာ ၎င်းရဲ့ ထွက်ခွာမှုကို ပြတ်ပြတ်သားသား အတည်ပြုဖို့ တုံ့ဆိုင်းနေပေမယ့်လည်း ကြေညာချက်တစ်ခု မကြာမီအချိန်အတွင်း ထုတ်ပြန်မှာဖြစ်ပြီး လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ ဇနီးဖြစ်သူက နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ဘာတွေဖြစ်လာမလဲဆိုတာကို နောက်အပတ်ကျရင် ခင်ဗျား တွေ့ရပါလိမ့်မယ်။ အဲဒါက မိန်းမနဲ့ မဆိုင်ပါဘူး။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပြီး မကြာသေးမီက ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ချာကာနဲ့ လီယိုနီတာတို့ဟာ ဂျာမနီမှာ တွေ့ဆုံခဲ့ကြတာကြောင့် ဆွစ်ဇာလန်ကွင်းလယ်လူရဲ့ ဇနီးဖြစ်သူဟာ မွေးရပ်မြေကို ပြန်သွားဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။

အာတီတာက ချာကာအတွက် ချီးကျူးမှုတွေ အပြည့်အဝ ပြုလုပ်ခဲ့ပြီး ပရိသတ်တွေဆီကနေ ရရှိခဲ့တဲ့ ကြိုဆိုမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကောင်းကောင်း ထိုက်တန်ခဲ့ပါတယ်။ သူက မယုံနိုင်စရာရာသီကို ပိုင်ဆိုင်ခဲ့တယ်။ လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော် သူ့ကို ပြောခဲ့တယ်။ ကျွန်တော် ပြောခဲ့တာက မင်းကို မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ မင်း ဒီထက်ပိုပြီး စွမ်းဆောင်ရမယ်။ ပိုပြီးတော့ ကောင်းမွန်ရမယ်။ ငါမင်းကို ဒီမှာ ကစားဖို့အတွက် စိန်ခေါ်သွားမယ်လို့ပါ။ သူ ပြန်သွားခဲ့ပြီး နောက်နေ့မှာ လေ့ကျင့်ရေး စလုပ်ခဲ့တယ်။ သူ ရာသီကြိုကာလကို ကိုယ်အလေးချိန် ၄ ကီလိုလျော့ပြီး ကြံ့ခိုင်တဲ့ပုံစံနဲ့ ရောက်လာခဲ့တယ်။ ဒီ စိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာနဲ့ တကယ်ကို လုပ်ချင်စိတ်ရှိတဲ့ပုံစံနဲ့ပါ။ သူက ထူးခြားခဲ့ပါတယ်။ သူက အသင်းရဲ့ အောင်မြင်မှုနဲ့ အသင်းအတွက် အဓိကအစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ အားလုံးက သူလုပ်ခဲ့တာတွေကို အသိအမှတ်ပြု ချီးကျူးနေကြတာကို ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet