ခရွန်ကီနဲ့ လျှို့ဝှက်ပြောဆိုပြီးနောက် အပြောင်းအရွှေ့သတင်းစကားပါးခဲ့တဲ့ အာတီတာ
အာတီတာဟာ အာဆင်နယ်အနေနဲ့ ဆုဖလားစိန်ခေါ်နိုင်မှုကို ကောက်ရိုးမီးမဖြစ်အောင် နွေရာသီအပြောင်းအရွှေ့ပစ်မှတ်တွေကို အရခေါ်ယူနိုင်ဖို့ လိုအပ်မယ်လို့ သတိပေးခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုရာသီ အချိန်အများစုမှာ မန်ချက်စတာစီးတီးကို ဆုဖလားပြိုင်ပွဲမှာ အသာစီးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေ အံ့အားသင့်ခဲ့ရပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မယ့်ပုံတောင် ပေါ်ခဲ့တာဖြစ်ပါတယ်။
ရာသီနောက်ဆုံးအပတ်တွေမှာ ခြေချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ယခုရာသီကို ဒုတိယနေရာကနေသာ ပြီးဆုံးရတော့မှာဖြစ်ပေမယ့်လည်း ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် အမ်းမရိတ်စ်မှာ မျှော်မှန်းချက်တွေက မိုးထိမြင့်မားနေခဲ့ပြီးဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ နွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်ဟာ ချန်ပီယံလိဂ်ကို ၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဝင်ခွင့်ရရှိခဲ့ပြီးနောက် သိသိသာသာ များပြားလာမှာဖြစ်ပြီး အာတီတာက စျေးကွက်ထဲမှာ ကွင်းလယ်နဲ့ ခံစစ်ကို အရည်အသွေးရှိတဲ့ အင်အားဖြည့်တင်းမှုတွေပြုလုပ်သွားဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်ရပါတယ်။
စပိန်လူမျိုးနည်းပြက အသင်းအနေနဲ့ မကြာသေးမီက အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အပြောင်းအရွှေ့စျေးကွက်ထဲမှာ ပစ်မှတ်တွေကို အရခေါ်ယူရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ လုပ်မယ့်အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရမယ်။ကျွန်တော်တို့ ထိတွေ့သမျှအရာအားလုံးက အလွန်ကောင်းမွန်တာတွေဖြစ်အောင် ရှာဖွေရမှာဖြစ်ပြီး အသင်းမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေလာစေမယ့်အရာတွေမှာ ပါဝင်ရမယ်။ လာမယ့်ရာသီမှာ ခုရာသီထက် ပြိင်ပွဲက ပိုလို့တောင် ခက်ခဲလာမယ်လို့ ကျွန်တော် ထင်နေတာ သိသာပါတယ်။ ဒါက ကျွန်တော့်အမြင်မှာ ဒီလိဂ်မှာ ရှိခဲ့တဲ့ ၂၂ နှစ်အတွင်း အခက်ခဲဆုံးပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီအတိုင်း လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ တကယ်ကို အလားအလာရှိတဲ့ စီမံကိန်းရှိပါတယ်။ ကျွန်တော်တို့ နည်းနည်းတော့ အဲဒါကို ပြန်စဉ်စားဖို့လိုတယ်။ နောက်တစ်လှမ်းဆုတ်ပြီး ဒါက မှန်ကန်တဲ့အရာတစ်ခုဆိုတာ သေချာအောင်လုပ်ရမှာဖြစ်ပြီး ပိုပြီးကောင်းမွန်အောင်တောင်လုပ်ဖို့ ဒီထက်ပိုမိုတဲ့ စိတ်ပိုင်းဖြတ်မှု၊ ဆာလောင်မှုတွေနဲ့ နောက်ထပ်တစ်ကြိမ် လုပ်သွားရမှာပါ။ ”လို့ ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့ သတိပေးချက်ဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် အာဆင်နယ်အသင်းပူးတွဲပိုင်ရှင် ဂျော့ရှ် ခရွန်ကီနဲ့ အလွတ်သဘော ပြောဆိုဆွေးနွေးမှုတွေအပြီး ရက်သတ္တပတ်အနည်းငယ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ခရွန်ကီဟာ ယခုလအစောပိုင်းက ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပြီး ပွဲအပြီးမှာ အမေရိကန်လူမျိုးစီးပွားရေးလုပ်ငန်းရှင်ဟာ အာတီတာနဲ့ သီးသန့် စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန် ရိုက်စ်ဟာ အာတီတာရဲ့ ပထမဦးစားပေးပစ်မှတ်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် ပြောင်းရွှေ့ကြေး သတ်မှတ်ထားတာဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားကို အခြားအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ဒီကလန် ရိုက်စ်က အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်နေပြီး မကြာမီ အချိန်အတွင်း ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- News
- Team News