ဟာသလို့ အပြောခံခဲ့ရပြီးနောက် ဘယ်သူကမှ ဟာသလဲဆိုတာ ပြသခဲ့တဲ့ မာတီနယ်လီ
ဂါဘရီယဲလ် မာတီနယ်လီဟာ ယခုရာသီ အာဆင်နယ်အသင်းအတွက် စိတ်လှုပ်ရှားဖွယ် ခြေစွမ်းကောင်းနဲ့အတူ လူအများအပြားကို မှားယွင်းကြောင်း သက်သေပြခဲ့ပြီး ဂယ်ရီ နဗီးရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းထဲမှာတောင် ပါဝင်နိုင်ခဲ့ပါတယ်။
ဘရာဇီးလ်လူငယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ သိသိသာသာ တိုးတက်လာပြီး ဥရောပဘောလုံးလောကမှာ အလားအလာအရှိဆုံး လူငယ်ပါရမီရှင်တွေထဲက တစ်ဦးဆိုတာကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
မာတီနယ်လီဟာ လက်ရှိမှာတော့ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရှုမြင်ခြင်းခံနေရပြီဖြစ်ပေမယ့်လည်း အားလုံးက မြင့်မားတဲ့ အလားအလာသတ်မှတ်ခြင်း ခံခဲ့ရသူတော့မဟုတ်ဘဲ သိပ်မကြာသေးမီကမှ အနှိမ်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်လူစာရင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ်ခြင်း ခံခဲ့ရပြီးနောက် အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘရာဇီးလ်ကစားသမားဟောင်း နီတိုရဲ့ ဒေါသတကြီး ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရပြီး ဂန်းနားကြယ်ပွင့်ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်က ဟာသဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မာတီနယ်လီဟာ ဖလာမင်ဂိုတိုက်စစ်မှူး ဂါဘရီယဲလ် ဘာဘိုဆာကို ကျော်ပြီး ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရတာကို နီတိုက မကျေမနပ်ဖြစ်ခဲ့ပြီး ၎င်းရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒါက အရှက်ရစရာပဲ။ ဟာသပဲ။ ကျွန်တော် အရှက်ရသလို ခံစားမိတယ်။ ဒန်နီ အဲဗက်စ်ဇာတ်လမ်းကြောင့်မဟုတ်ပါဘူး။ မာတီနယ်လီရဲ့ ဇာတ်လမ်းက ဘာလဲ။ ကစားသမားဘဝ ၃၃ ဂိုးလား။ ဒါက အရှက်ရစရာပဲ။ ဘောလုံးအတွက် လေးစားမှုမရှိတာပါ။ ဘောလုံးနဲ့ ပတ်သက်ပြီး ဒီလိုလုပ်တာက ခင်ဗျားရှိနေတဲ့နေရာနဲ့ မထိုက်တန်ဘူးဆိုတာကို ပြသနေတာပါ။ မာတီနယ်လီကို ခေါ်ပြီး ဂါဘီဂိုးလ်ကို မခေါ်တာက လေးစားမှုမရှိတာပါ။ လက်ရွေးစင်လူစာရင်းခေါ်ယူမှုအားလုံးရဲ့ အကြီးမားဆုံး အရှက်ရစရာပါ။ မာတီနယ်လီကို ခေါ်လိုက်တာက တီတီ(ဘရာဇီးလ်နည်းပြဟောင်း) ခင်ဗျားက ခင်ဗျားယူထားတဲ့ရာထူးမှာ မရှိသင့်ဘူးဆိုတာ ပြနေတာပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျား ဂါဘီဂိုးလ်အပေါ်မှာ မမျှတလို့ပါ။ ဒီကောင်(မာတီနယ်လီ)က ရာသီအတွင်းမှာ ၅ ဂိုးသွင်းထားတယ်။ ဒီက ရှော့ပင်းမောတွေမှာ လျှောက်သွားရင်တောင် ဘယ်သူမှ သူ ဘယ်သူလဲဆိုတာ မသိဘူး။ ကိုပါလီဘာတေးဒိုးဖလားရဲ့ သွင်းဂိုးကို သွင်းယူခဲ့တဲ့၊ တစ်ရာသီကို ၂၉ ဂိုး သွင်းယူခဲ့တဲ့ ဂါဘီဂိုးလ်ကိုကျတော့ မခေါ်ယူခဲ့ဘူး။ ဥရောပဘောလုံးလောကမှာ မာတီနယ်လီက ဘာလုပ်ခဲ့တာရှိလို့လဲ။ အာဆင်နယ်က ချန်ပီယံလိဂ်တောင် ဝင်တာမဟုတ်ဘူး(အဲဒီအချိန်က)။ ဒါက စိတ်ပျက်စရာ ဖြစ်ရပ်ဆိုးကြီးပဲ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မာတီနယ်လီက အဲဒီအချိန်တုန်းက ၎င်းကို ဘရာဇီးလ်မှာ ဘယ်သူမှ မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ နှိမ့်ချပြောဆိုပြီး ခြေစွမ်းနဲ့သာ စကားပြန်ပြောဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နီတိုဆိုတဲ့ ငနဲလည်း ပေါ်မလာရဲလောက်တော့ပါဘူး။
ဘရာဇီးလ်တောင်ပံကြယ်ပွင့်ဟာ ယခုရာသီကို သွင်းဂိုး ၁၅ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ ရာသီနောက်ဆုံးပွဲဖြစ်တဲ့ ဝလ်ဗ်စ်နဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တာကြောင့် နောက်ထပ်သွင်းဂိုးတွေ ထပ်သွင်းနိုင်မှာတော့ မဟုတ်တော့တာဖြစ်ပါတယ်။
ကာတာကနေ ပြန်လာပြီးကတည်းက မာတီနယ်လီဟာ ဂန်းနားတွေအတွက် အံ့အားသင့်ဖွယ် ပေါ်ထွက်လာခဲ့ပြီး ရလဒ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ယခုရာသီ အကောင်းဆုံးအသင်းထဲမှာ ရက်ရှ်ဖို့ဒ်ကို ကျော်ပြီး ဘရာဇီးလ်ကြယ်ပွင့်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က မန်ချက်စတာယူနိုက်တက်ပရိသတ်အချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ဂယ်ရီ နဗီးကို ဘာကြောင့် ကိုယ့်အသင်းကစားသမားကိုမရွေးဘဲ မာတီနယ်လီကို ရွေးလဲဆိုတာ ဖြေရှင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီ နဗီးက “ရက်ရှ်ဖို့ဒ်နဲ့ မာတီနယ်လီတို့က ကိန်းဂဏန်းအရ တစ်ထပ်တည်းနီးပါးတူညီကြပါတယ်။ အဲဒါက မာတီနယ်လီဆီက ကျွန်တော် မြင်ခဲ့ရတဲ့ ပေါင်းစပ်ကစားနိုင်စွမ်းနဲ့ ဘောလုံးကစားပုံ၊ အာဆင်နယ်ရဲ့ ရာသီအပေါ်မှာ သူ့ရဲ့ အကျိုးသက်ရောက်မှုအပေါ် ကြည့်ပြီး ရွေးချယ်ခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet