ဒီနွေမှာ ဂန်းနားတွေ ပစ်မှတ်ထားရမယ့် တိုက်စစ်မှူး ၃ ဦး
ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်အသင်းဟာ ဂါဘရီယဲလ် ဂျေးဇုရောက်ရှိလာမှုကြောင့် တိုက်စစ်ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပေမယ့် အသင်းက ရှေ့ကို ကြီးမားတဲ့ခြေလှမ်း လှမ်းနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အရပ်မြင့်တဲ့ အထောင်တိုက်စစ်မှူးကို ခေါ်ယူဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
ရာသီအချိန်အများစုမှာ ဂျေးဇုက အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုနဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ အဆုံးသတ်အပေါ် စိုးရိမ်မှုတွေက ဆက်လက်ရှိနေပြီး ဂန်းနားတွေဟာ ပလန်ဘီ မရှိသလို တိုက်စစ် ၃ ဦးထဲမှာလည်း အရပ်အမောင်းကောင်းတဲ့ကစားသမားမရှိတာဖြစ်ပါတယ်။
လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် မျှော်မှန်းချက်တွေကလည်း ပိုမိုမြင့်မားလာတာနဲ့အညီ လူစာရင်းရဲ့ အရည်အသွေးက ပိုပြီးအားကောင်းဖို့က အဓိကသော့ချက်ဖြစ်လာပြီး တိုက်စစ်က ဂန်းနားတွေအနေနဲ့ ကျိန်းသေပေါက် တိုးတက်အောင်လုပ်ရမယ့်နေရာဖြစ်ပါတယ်။
၁။ အိုင်ဗန် တိုနီ
ဘရန့်တ်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီဟာ အာဆင်နယ်အတွက် ပင်နယ်တီဧရိယာထဲမှာ အားထားရနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး(လောင်းကစားမှုကြောင့် ၈ လပွဲပယ်ခံထားရတာကတော့ တစ်ပိုင်း) ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၁၂ ဂိုး၊ ဒီရာသီမှာ သွင်းဂိုး ၂၀ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ တိုနီဟာ အသက် ၂၇ နှစ်သာ ရှိသေးပြီး လန်ဒန်ကို စွန့်ခွာချင်မှာမဟုတ်ဘဲ တစ်ရာသီပြီး တစ်ရာသီ ခြေစွမ်းပိုင်းပိုမိုကောင်းမွန်လာနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အာတီတာက ပရီးမီးယားလိဂ်ပါးဝပြီးသားကစားသမားတွေကို အဓိကအာရုံစိုက်ခေါ်ယူခဲ့ပြီး ရမ်းစ်ဒေးလ်၊ ဂျေးဇု၊ ဇင်ချန်ကို၊ ထရောဆာ့ဒ်နဲ့ ဂျော်ဂျင်ညိုတို့အားလုံးဟာ အောင်မြင်တဲ့ခေါ်ယူမှုတွေဆိုတာ သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။ အရပ် ၆ ပေ ၂ လက်မရှိတဲ့ တိုနီထက် ဒီရာသီမှာ အမြင့်ဘောရင်ဆိုင်ရာမှာ ပိုမိုအနိင်ရခဲ့တဲ့ကစားသမားဆိုလို့ ဘန် မီးတစ်ဦးတည်းသာ ရှိခဲ့ပြီး ၁၀၉ ကြိမ်အထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အိုင်ဗန် တိုနီဟာ ၈ လပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုနွေရာသီမှာ ပြောင်းရွှေ့ကြေး လျော့ကျမယ်ဆိုရင်တောင် စျေးပေါပေါနဲ့တော့ ခေါ်ယူလို့ရမယ့်ကစားသမားမဟုတ်ပါဘူး။
၂။ ဒူဆန် ဗလာဟိုဗစ်ချ်
လွန်ခဲ့တဲ့ ၁၈ လတုန်းက အာဆင်နယ်ကို ငြင်းပြီး ဂျူဗင်တပ်ကို ပြောင်းသွားခဲ့လို့ ဂန်းနားပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတဲ့ ဗလာဟိုဗစ်ချ်ဟာ စီးရီးအေမှာ အလွန်ကောင်းမွန်တဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဗလာဟိုဗစ်ချ်ဟာ ပြီးခဲ့တဲ့ရာသီကို စီးရီးအေ ၂၄ ဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ၁၇ ဂိုးက ဖီအိုရင်တီးနား၊ ၇ ဂိုးက ဂျူဗင်တပ်အတွက် သွင်းယူခဲ့တာစြဖ်ပေမယ့်လည်း ဒီရာသီမှာတော့ ၂၆ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာကြောင့် ဒီနွေရာဦမှာ အသင်းပြောင်းနိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ဆားဘီးယားတိုက်စစ်မှူးအတွက် ပေါင် ၆၂.၈ သန်းပေးခဲ့ရပြီး အဲဒီပမာဏလောက် ပြန်လိုချင်နေတာက အသက် ၂၃ နှစ်သာရှိသေးပြီး ရှေ့မှာ အလားအလာတွေအများကြီးရှိနေသေးတဲ့ တိုက်စစ်မှူးတစ်ယောက်အတွက်တော့ စျေးသင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၃။ ရာ့စ်မွတ်စ် ဟိုရီလွန်း
ဒုတိယ ဟာလန်းလို့ သတ်မှတ်ခံထားရတဲ့ အရပ် ၆ ပေ ၃ လက်မရှိတဲ့ အတ္တလန္တာတိုက်စစ်မှူးဟာ ဘောလုံးကိုင်ကစားနိုင်စွမ်း၊ တောင်ပံကစားသမားတွေနဲ့ ချိတ်ဆက်ကစားနိုင်စွမ်း၊ ဂိုးရှေ့ကို တောက်ပတဲ့မြန်နှုန်း၊ ခွန်အားတို့နဲ့အတူ ထိုးဖောက်ပြေးလွှားနိုင်စွမ်းကြောင့် လက်ခုပ်သံတွေရခဲ့သူဖြစ်ပါတယ်။ ဟိုရီလွန်းနဲ့ အိုင်ဗန် တိုနီ၊ ဗလာဟိုဗစ်ချ်တို့ကြား ကွာခြားမှုက အတ္တလန္တာတိုက်စစ်မှူးဟာ အသက် ၂၀ အရွယ်သာ ရှိသေးပြီး ယခုရာသီ ၂၉ ပွဲမှာ ၇ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟိုရီလွန်းဟာ အာဆင်နယ်ရဲ့ လူငယ်ပေါ်လစီနဲ့ အံ့ကိုက်တဲ့ စီမံကိန်းဝင် ခေါ်ယူမှုဖြစ်ပေမယ့် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတော့ ကုန်ကျဖို့ များပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က မဖြစ်မနေ ကြီးမားတဲ့ ငွေကြေးသုံးစွဲမယ်ဆိုရင်တောင်မှ ဟိုရီလွန်းရဲ့ ပါရမီကြောင့် တန်ဖိုးက လျင်လျင်မြန်မြန် မြင့်တက်လာနိုင်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ တိုနီ၊ ဗလာဟိုဗစ်ချ်တို့နဲ့ ယှဉ်ရင် တော်တော်လေး အလျော်အစားကြီးတဲ့ အပြောင်းအရွှေ့ဖြစ်လာမှာ သေချာပေမယ့် အကျိုးအမြတ် ပိုရှိနိုင်တဲ့ အပြောင်းအရွှေ့ဆိုတာတော့ ငြင်းလို့မရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis