အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ coyg

အာဆင်နယ်က ဒီရာသီမှာ ဖလားရပြီးပြီလို့ ပြောလိုက်တဲ့ မူစတာဖီ

အာဆင်နယ်နောက်ခံကစားသမားဟောင်း မူစတာဖီက ဂန်းနားတွေဟာ ယခုရာသီကို အဆင့် ၂ နေရာနဲ့ အဆုံးသတ်ရမယ့်ပုံပေါ်နေပေမယ့်လည်း ဆုဖလားအနိုင်ရရှိပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီအစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေစွမ်းပိုင်း ကမောက်ကမဖြစ်မှုတွေကြောင့် မန်ချက်စတာစီးတီးကို ထိန်းချုပ်မှု ပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲစလုံး နိုင်ပွဲ ရရှိခဲ့ခြင်းမရှိဘဲ နောက်ဆုံး အစ်တီဟတ်မှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ၂ ပွဲ လျော့ ၂ မှတ်အလိုနဲ့ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရာသီနှောင်းပိုင်း အလှည့်အပြောင်းတွေကြောင့် အာတီတာရဲ့အသင်းဟာ ယခုရာသီ ပြိုင်ပွဲတိုင်းကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် ဖလား တစ်လုံးမှ မရဘဲ ရာသီကို အဆုံးသတ်ရတော့မယ့်ပုံ ပေါ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်နောက်ခံကစားသမားဟောင်း မူစတာဖီက ၎င်းရဲ့အသင်းဟောင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၇ နှစ်အကြာမှာ ပထမဆုံး ဝင်ခွင့် ပြန်လည်ရရှိခဲ့တာက ဆုဖလားအနိုင်ရရှိတာနဲ့ အတူတူပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် နောက်ခံကစားသမားက အာဆင်နယ် ယခုရာသီ လုပ်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေက ၂၀၁၆ ခုနှစ်တုန်းက လက်စတာစီးတီးအသင်းက ဘယ်သူမှ မမျှော်မှန်းထားချိန်မှာ ပရီးမီးယားလိဂ်ဖလားရရှိသွားတာထက်တောင် ပိုမိုသာလွန်သေးတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က အာဆင်ဝင်းဂါး စွန့်ခွာသွားကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကစားခဲ့ရတော့ပါဘူး။ ကျွန်တော့်အမြင်မှာတော့ နည်းပြ အာတီတာလက်အောက် အသင်းမှာ ဖြစ်ခဲ့တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေက လိဂ်ဖလားကို တစ်ကြိမ်လောက်လေး အနိုင်ရပြီး အဲဒီအပေါ်မှာ ဘာမှ မတည်ဆောက်နိုင်တဲ့ ၂၀၁၆ ခုနှစ်တုန်းက လက်စတာစီးတီးလိုမျိုးထက် ပိုပြီးတော့ အရေးပါတယ်လို့ ထင်ပါတယ်။ အာဆင်နယ်က လာမယ့်နှစ် ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ် ကစားခွင့်ရခဲ့တာက ဆုဖလားအနိုင်ရရှိခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒါက အသင်းနဲ့ သက်ဆိုင်တဲ့ နေရာမို့လို့ပါ။ ဟုတ်တာပေ့ါ။ အာဆင်နယ်က လက်ရှိရာသီလိုမျိုးရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာ အမှတ်ပေးဖလား ရချင်တာပေါ့။ ဒါပေမယ့် ပန်းတိုင်က လာမယ့်နှစ်အနည်းငယ်အတွင်း ထိပ်တန်းအဆင့်မှာ ကစားနိုင်ဖို့ဖြစ်ပြီး တစ်နှစ်လောက်လေး ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့မဟုတ်ပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet