ဆောက်သမ်တန်နဲ့ပွဲမှာ ကြယ်ပွင့်ကစားသမား ၅ ဦးအထိ အနားပေးဖို့ ပြောခဲ့တဲ့ အလီယာဒီယာ coyg

ဆောက်သမ်တန်နဲ့ပွဲမှာ ကြယ်ပွင့်ကစားသမား ၅ ဦးအထိ အနားပေးဖို့ ပြောခဲ့တဲ့ အလီယာဒီယာ

ဂျယ်ရမီး အလီယာဒီယာက အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ယနေ့ည ဆောက်သမ်တန်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်မယ့်ပွဲစဉ်အတွက် အနားပေးသင့်တဲ့ ကစားသမား ၅ ဦးကို ပြောကြားခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီးမှ ၂ ပွဲဆက်တိုက် သရေကျခဲ့မှုကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် ကြိုးပမ်းသွားမယ့် စိတ်ပိုင်းဖြတ်မှုနဲ့အတူ အမ်းမရိတ်စ်က ပွဲစဉ်ကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတဲ့ အဆင့် ၂၀ က အသင်းဖြစ်တာကြောင့် အာတီတာရဲ့အသင်းအတွက်တော့ ဆုဖလားလမ်းကြောင်းပေါ် ပြန်တက်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးအဖြစ် ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပေမယ့်လည်း ဒုတိယနေရာက မန်ချက်စတာစီးတီးဟာ လက်ရှိမှာ ဂန်းနားတွေနဲ့ ၄ မှတ်အကွာ တစ်ပွဲလျော့နေတာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ အစ်တီဟတ်မှာ ဆုဖလားအဆုံးအဖြတ်ပွဲစဉ်အဖြစ် အာတီတာရဲ့အသင်းကို ကြိုဆိုသွားရမှာ ဖြစ်ပါတယ်။

ကြီးမားတဲ့ တိုက်ပွဲကြီးမတိုင်ခင် အာဆင်နယ်တိုက်စစ်မှူးဟောင်း အလီယာဒီယာက အာတီတာအနေနဲ့ ယနေ့ည အိမ်ကွင်းမှာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ ကစားသမား ၅ ဦးအထိ အနားပေးသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ပင်ပန်းနေပုံပေါ်ခဲ့တဲ့ အာဆင်နယ်တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာကို အနားပေးသင့်လားလို့ မေးမြန်းခဲ့ချိန်မှာ အလီယာဒီယာက “ကျွန်တော် သဘောတူပါတယ်။ သူက လီဗာပူးလ်ပွဲမတိုင်ခင် အနားပေးခဲ့ရမှာပါ။ သူက ပွဲတွေအများကြီး ကစားခဲ့ရပြီး ဒီရာသီမှာ အံ့အားသင့်စရာကောင်းခဲ့ပေမယ့် ခင်ဗျားမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဆောက်သမ်တန် ကစားရမယ့်ပွဲစဉ်မှာ ဂါဘရီယဲလ် မာတီနယ်လီနဲ့ ဆာကာတို့က ဒီရာသီမှာ အများကြီး ကစားခဲ့ရပြီး ဒီကစားသမားတွေက ဘောလုံးအများကြီး သယ်ဆောင်ခဲ့ရတယ်။ သူတို့တွေ လိမ်ခေါက်ပြီး ကွင်းနေရာတော်တော်များများကို ကာဗာလုပ်ခဲ့ရတယ်။ အခုက ရာသီကုန်နေပြီဖြစ်ပြီး သူတို့တွေက ငယ်ရွယ်ပါသေးတယ်”

“သောကြာနေ့ညမှာ အာဆင်နယ်က ဒီလိုကစားသမားတွေကို အနားပေးသင့်တယ်လို့ ကျွန်တော် သဘောတူပါတ်ယ။ ကျွန်တော်တို့မှာ ထရော့ဆာ့ဒ်၊ စမစ် ရိုးနဲ့ သိပ်အများကြီး မကစားခဲ့ရတဲ့ကစားသမားတွေ ရှိပါတယ်။ သူတို့တွေက ဝင်ကစားပြီး အာဆင်နယ်အတွက် အလုပ်လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ အာတီတာလည်း အဲဒါကို တွေးနေမယ်ဆိုတာ ကျွန်တော် သေချာတယ်။ အထူးသဖြင့် ဒီပွဲအပြီးမှာ လျင်လျင်မြန်မြန်ပဲ မန်ချက်စတာစီးတီးနဲ့ ကစားရဖို့ ရှိနေသေးတာကို တွေးမိရင်ပေါ့။ သူ့အနေနဲ့ ဆာကာကို အနားပေးနိုင်တယ်ဆိုတာကို သဘောတူပြီး ပွဲက ဘယ်လိုဖြစ်မလဲ ကြည့်တာပေါ့။ သူ အရန်ခုံကနေ ဝင်လာစရာမလိုဘူးဆိုရင်တော့ ကောင်းတာပေါ့။ သူ့ကို တစ်ရက်အနားပေးလိုက်ပါ။သူ့ကို မန်ချက်စတာစီးတီးပွဲအတွက် အဆင်သင့်ဖြစ်နေအောင် လုပ်ခိုင်းထားပါ”

အာဆင်နယ်ပွဲထွက်လူစာရင်းထဲက ပြုလုပ်သင့်တယ်လို့ ထင်တဲ့ အခြား အပြောင်းအလဲတွေက ဘာတွေလဲလို့ မေးမြန်းခဲ့ပြီး သောမတ်စ် ပါတေး၊ ဂါဘရီယဲလ် ဂျေးဇု၊ မာတင် အော်ဒီဂွါဒ်တို့လို ကစားသမားတွေကို ချန်လှပ်ခဲ့သင့်လားလို့ မေးမြန်းခဲ့ရာမှာ အလီယာဒီယာက “ဟုတ်ပါတယ်။ အဲဒီလူတွေအားလုံးပါပဲ။ ခင်ဗျားပြောတာ အရမ်း အကျိုးအကြောင်းဆီလျော်တယ်လို့ ထင်တယ်။ ပါတေးက ဝက်စ်ဟမ်းနဲ့ပွဲမှာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ သူက ဘောလုံးကို အရမ်းစျေးပေါပေါနဲ့ ဆုံးရှုံးခဲ့ပြီး ထက်မြက်နေပုံမပေါ်ခဲ့ပါဘူး။ ကစားသမားတစ်ယောက်အနေနဲ့ အချို့ရက်တွေမှာ ခင်ဗျား အဲဒါကို ခံစားရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ခင်ဗျား မသိဘူး။ ခင်ဗျား ကွင်းထဲဝင်လာပြီး ခင်ဗျားက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လေ့ကျင့်ရေးမှာလောက် ဒါမှမဟုတ် နောက်ဆုံးကစားခဲ့တဲ့ပွဲတုန်းကလောက် ထက်မြက်မနေဘူး”

“အာတီတာက နေ့တိုင်း ကွင်းထဲမှာ ကစားသမားတွေကို မြင်နေတာပါ။ သူက ပိုသိမှာပါ။ ဒါပေမယ့် ကျွန်တော် လုံးဝ သဘောတူတယ်။ ကျွန်တော်သာ နည်းပြဆိုရင် ဒီပွဲကို အလှည့်ကျပွဲထုတ်ပြီး ပင်ပန်းနေပုံပေါ်တဲ့ကောင်လေးတွေကို ပြန်လန်းဆန်းသွားအောင်နဲ့ မန်စီးတီးပွဲအတွက် အဆင်သင့်ဖြစ်နေအောင် အပြောင်းအလဲလုပ်မှာပါ။ အဲဒီပွဲက ခင်ဗျား မရှုံးနိမ့်ချင်တဲ့ ပွဲတစ်ပွဲဖြစ်မှာပါ။ သူတို့တွေက ဒီရာသီမှာ အရမ်းကောင်းကောင်း စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ထိပ်တန်းကစားသမားတွေ အများကြီးရှိပြီး ကျွန်တော်တို့မှာလည်း ဆောက်သမ်တန်နဲ့ ရင်ဆိုင်ကစားဖို့ လုံလောက်တဲ့ ကစားသမားတွေရှိတယ်လို့ ထင်တယ်။ အက်ဒီ အန်ကီးတီးယား၊ စမစ် ရိုး၊ ဂျော်ဂျင်ညိုတို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သုံးရင်တောင် နိုင်ပွဲရနိင်ပါသေးတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet