ချာကာနေရာကို အက်ဇေနဲ့ အစားထိုးဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဖာဒီနန်
အာဆင်နယ်အသင်းအနေနဲ့ နောက်နှစ်ရာသီမှာ ဝါရင့်ကစားသမားကြီး ဂနာနစ် ချာကာရဲ့နေရာကို အပြည့်အဝ အစားထိုးနိုင်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ကြယ်ပွင့်လေး အယ်ဘာရက်ချီ အက်ဇေကို ခေါ်ယူသင့်တယ်လို့ မန်ယူဂန္ထဝင်ကစားသမား ရီယို ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။
နည်းပြ အာတေတာလက်အောက်မှာ ဂန်းနားကစားသမားဘဝ ပြန်လည်တောက်ပလာခဲ့တဲ့ ဆွစ်ဇာလန်သားကြီးဟာ ဒီနှစ်ရာသီ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလမ်းခရီးမှာ အကောင်းဆုံး အရည်အသွေးတွေနဲ့ အကျိုးပြုနေပေမယ့် အသက်အရွယ်အရတော့ မကြာမီမှာ အစားနိုင်မယ့် ကစားသမားတဦးကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်ခံစစ်အတွက်တော့ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကြယ်ပွင့် ဒက်ကလန်ရိုက်လို ကစားသမားမျိုးကို ပစ်မှတ်ထားနေပေမယ့်လည်း ချာကာရဲ့နေရာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပြီး အက်ဇေဟာ အသင့်တော်ဆုံးဖြစ်တယ်လို့လည်း ဖာဒီနန်က ယုံကြည်နေတာပါ။
အသက် (၂၄) နှစ်အရွဘ် အင်္ဂလန်သားဟာ ကွင်းလယ်တိုက်စစ်၊ ဘယ်ခြမ်းကွင်းလယ်နဲ့ ဗဟိုကွင်းလယ်တွေမှာ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ဒီနှစ်ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲကစားထားပြီး သွင်းဂိုး (၇) ဂိုး ရယူပေးထားသလို ဖန်တီးမှု (၃) ကြိမလည်း ပြုလုပ်ထားကာ လတ်တလောမှာတော့ တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်ပေးလျက် ရှိနေပါတယ်။
” အက်ဇေဟာ ဘောလုံးကို ရူးလောက်အောင် ကစားတဲ့ ကစားသမားမျိုးပဲဗျ။ လှောင်အိမ်ထဲမှာ ရှိနေသလိုမျိုးကို သူက ကစားတတ်တာ။ ပြီးတော့ ကစားဟန်က ချောမွေ့လွန်းတယ်။ ဘယ်လိုအကြောင်းကြောင့်မျှ ပုန်းကွယ်သွားတတ်တဲ့ ကစားသမားမျိုးလည်း မဟုတ်ပါဘူး။ ဘယ်အခြေအနေနေမှာပဲဖြစ်ဖြစ် သူ့ကို ကွင်းထဲထည့်လိုက်တဲ့အချိန်တိုင်းမှာ သွေးအေးစွာ ကစားနေတတ်သူပါ။ ”
” ပြီးတော့ ကွင်းလယ်လူတွေ၊ နောက်ခံလူတွေကို လှည့်စားနိုင်တဲ့ အစွမ်းလည်း ရှိသူ ဖြစ်ပါတယ်။ ပြိုင်ဘက်တွေကို ကျော်ဖြတ်သွားနိုင်တယ်။ သူ့နောက်မှာ လူတွေ အလဲလဲ အပြိုပြိုနဲ့ ကျန်ခဲ့တယ်။ ပြီးတော့ ဘောလုံးကို သူ အဆုံးသတ်လိုက်တယ်။ ဒီလို ကစားသမားမျိုး ဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ အရမ်းကောင်းမယ့်သူပါ။ ”
ဖာဒီနန်က ” ကျွန်တော်ကတော့ ချာကာနေရာအတွက် ခေါ်စေချင်ပါတယ်။ နောက်နှစ်မှာပေါ့။ “လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ သူတို့ရဲ့ အကောင်းဆုံးကြယ်ပွင့်ကို အလွယ်တကူ လက်လွှတ်သွားဖွယ် မရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူရ ခက်ခဲနိုင်ပါတယ်။
Ref : teamTALK
- Posted In:
- Critics' Talk