ဆုဖလားစိန်ခေါ်မှုအတွက် အာတီတာကို သတင်းစကားပေးပို့ခဲ့တဲ့ အွန်နရီ coyg

ဆုဖလားစိန်ခေါ်မှုအတွက် အာတီတာကို သတင်းစကားပေးပို့ခဲ့တဲ့ အွန်နရီ

သီယာရီ အွန်နရီက အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကို ပြန်လည်အသက်သွင်းနိုင်ဖို့ စိတ်ခံစားချက်ကို မောင်းထုတ်ပြီး ပွဲစဉ်အတွင်းမှာ နောက်ထပ်တစ်ကြိမ် ထိန်းချုပ်မှုရရှိအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ၂ ပွဲမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်ပြီးမှ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာက မန်ချက်စတာစီးတီးကို ရမှတ်ဖြတ် ဦးဆောင်နိုင်မှု လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ဂန်းနားတွေဟာ အန်းဖီးမှာ နာရီဝက်အထိ လီဗာပူးလ်ကို အပြတ်အသတ် အသာစီး ရယူခဲ့ပြီးနောက် ၂ ဂိုးအထိ ပြန်ပေးခဲ့ရပြီး မြောက်လန်ဒန်ကို သရေ ၁ မှတ်နဲ့ ပြန်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အလားတူ အခင်းအကျင်းမျိုး ဖြစ်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ ၂ ဂိုးအထိ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ဆုဖလားပြိုင်ပွဲမှာ အရေးကြီးတဲ့ ရမှတ်တွေ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ သောကြာနေ့မှာ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်ကို အမ်းမရိတ်စ်မှာ နိုင်ပွဲ ပြန်လည် ရယူသွားချင်နေမှာဖြစ်ပြီး စိန့်တွေကို လက်ခံယှဉ်ပြိုင်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးအိမ်ကွင်း အစ်တီဟတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သီယာရီ အွန်နရီက ဆုဖလားအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်မတိုင်မီ အလွန်အမင်း အကောင်းမြင်နေခြင်းမရှိဘဲ အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အလွန်စိတ်ခံစားမှု များနေခဲ့ပြီး မန်စီးတီးနဲ့ပွဲစဉ်မှာ အဲဒီအရာတွေကို ဖယ်ရှားပစ်နိုင်ဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ မန်စီးတီးကို နောက်ဆုံးအကြိမ် အနိုင်ယူခဲ့တာ ဘယ်တုန်းကလဲ မသိပါဘူး။ အဲဒီတော့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ နောက်ဆုံး သူတို့နဲ့ ကစားခဲ့တဲ့ပွဲ(ဖေဖော်ဝါရီမှာ ၃-၁ နဲ့ ရှုံး)က ကျွန်တော့်ကို စိတ်ချလက်ချ မဖြစ်စေပါဘူး။ ရာသီအစကတည်းက ကျွန်တော် စိတ်ခံစားမှုတွေအကြောင်းနဲ့ စိတ်ခံစားမှုတွေနဲ့ဆိုရင် ခင်ဗျား လိဂ်ဖလားကို အနိုင်မရနိုင်ဘူးဆိုတာကို ပြောခဲ့တယ်။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား အနိုင်မရနိုင်ပါဘူး”

“ခင်ဗျား စိတ်ခံစားမှုတွေနဲ့ ဖလားပြိုင်ပွဲမှာ အနိုင်ရနိုင်ပေမယ့် ၃၈ ပွဲ ကစားရတဲ့ ရာသီမှာတော့ အနိုင်မရနိုင်ဘူး။ ခင်ဗျား အရမ်း စိတ်ခံစားချက်များနေလို့ မရနိုင်ဘဲ ကျွန်တော် မကြာသေးမီက အာဆင်နယ်က အရမ်း စိတ်ခံစားမှုများနေခဲ့တာကို မြင်ခဲ့ရတယ်။ စိတ်ဆန္ဒပြင်းပြမှုနဲ့ စိတ်ခံစားမှုကြားမှာ ကွာခြားချက်ရှိပါတယ်။ ခင်ဗျား စိတ်ခံစားမှုကို ခံစားလို့ရပေမယ့်လည်း အရမ်းစိတ်ခံစားမှုများလာလို့ မရဘူး။ အဲဒါက ကွာခြားချက်ပဲ”

“သူတို့တွေ စိတ်အေးအေးထားဖို့လိုတယ်။ကျွန်တော်တို့က မန်စီးတီးရဲ့ ရှေ့မှာ ရှိနေတုန်းဖြစ်ပေမယ့် သူတို့တွေ စိတ်ခံစားမှုတွေကို မောင်းထုတ်ပစ်ပြီး သူတို့ရဲ့အလုပ်အပေါ်မှာ အာရုံစိုက်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဲဒီနေရာမှာ ရှိနေမယ်လို့ မျှော်မှန်းခြင်း မခံခဲ့ရလို့ပါ။ သူတို့တွေက စိတ်ပိုင်းဆိုင်ရာအရ နည်းနည်းတော့ ထိခိုက်နာကျင်နိုင်ပေမယ့် ကျွန်တော်တို့က ရှေ့မှာ ရှိနေတုန်းပါ”

“မန်စီးတီးက သူတို့ရဲ့ပွဲစဉ်တွေကို အနိုင်ရပြိး ကျွန်တော့်ကိုလည်း အနိုင်ယူနိုင်ဖို့ လိုပါသေးတယ်။ အဲဒီတော့ ခင်ဗျားရဲ့အရှေ့မှာ ပွဲစဉ်တွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကျွန်တော်တို့ ပွဲစဉ်တွေထဲက စိတ်ခံစားမှုတွေကို မောင်းထုတ်ဖို့လိုတယ်။ ခင်ဗျား မန်စီးတီးကို ကြည့်လိုက်ရင် သူတို့တွေက သွင်းဂိုးက ဘာပဲဖြစ်ဖြစ် စိတ်အေးအေးရှိတဲ့ပုံပေါ်ခဲ့တယ်။ ကျွန်တော်တို့က အကောင်းဆုံးရဲ့အကောင်းဆုံးအကြောင်းကို ပြောနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါက အာဆင်နယ်ဖြစ်ဖို့လိုတဲ့အရာပါ”

“တစ်ခါတလေ ကျွန်တော် အာဆင်နယ်ပွဲကြည့်တဲ့အခါမှာ ပွဲက အရမ်း တက်လိုက်၊ ကျလိုက်ဖြစ်နေပြီး သူတို့တွေ ထိန်းချုပ်မှု ဆုံးရှုံးနေတယ်။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ် ပြောရရင် ကျွန်တော်တို့က ရှေ့မှာ ရှိနေသေးတယ်။ ကျွန်တော်သာ အဝတ်လဲခန်းထဲမှာဆိုရင် ဒီဟာက အခိုက်အတန့်ပဲ။ ဒီဟာက အခိုက်အတန့်ပဲဖြစ်ရမယ်လို့ ပြောမှာပါ။ ဒါပေမယ့် စိတ်ခံစားမှုအပိုင်းမှာ သူတို့တွေ ကြီးမားတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်တဲ့ စိတ်တည်ငြိမ်မှုမျိုး ရှိဖို့လိုတယ်။ ကျွန်တော်တို့သာ အဲဒါကို လုပ်နိုင်ရင် အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၄-၁ နဲ့ အနိင်ယူပြီး စိတ်လှုပ်ရှားဖွယ် ပုံစံကောင်းကို ပြသခဲ့ပြီးနောက် အစ်တီဟတ်မှာ အာဆင်နယ်ကို မကြိုဆိုမီ ယခုအပတ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ပြီး သမိုင်းဝင်ဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းအပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet