အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့ အရည်အသွေးနဲ့ ခြေစွမ်းတွေကို ရောဘတ် ပီရက်စ် ချီးကျူး
ရီးယဲလ်မက်ဒရစ်အသင်းဆီကနေ ဂန်းနားတို့ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ တကယ်ကိုပဲ အရည်အသွေးမြင့်မားလှသူဖြစ်ပြီး ဒီလိုကစားသမားမျိုးကို အာဆင်နယ်အသင်းမှာ မြင်တွေ့ရတာကို ကျေနပ်မိကြောင်း ဂန္ထဝင်ကစားသမားကြီး ရောဘတ် ပီရက်စ်က ချီးကျူးလိုက်ပါတယ်။
ပင်ကိုပါရမီရှိသူဖြစ်ပေမယ့်လည်း စပိန်ဘီလူး ရီးယဲလ်မက်ဒရစ်မှာ နေရာတနေရာရဖို့ ရုန်းကန်ခဲ့ရတဲ့ နော်ဝေသားဟာ (၂၀၂၁) ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဂန်းနားတို့ဆီ အငှားနဲ့ ကနဦး ပြောင်းရွှေ့ခဲ့ပြီး အဲဒီနှစ် နွေအပြောင်းအရွှေ့မှာတော့ ပေါင်သန်း (၃၀) နဲ့ အပြီးသတ် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။
ရောက်စကတည်းက နည်းပြ အာတေတာလက်အောက်မှာ အရည်အသွေးမြင့်မားမှုကို ပြသနိုင်ခဲ့တဲ့ အသက် (၂၄) နှစ်သားဟာ အချိန်တိုအတွင်းမှာပဲ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ပိုင်ဆိုင်ခဲ့သလို ဒီနှစ်ရာသီမှာတော့ မန်စီးတီးအသင်းနဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိ ဂန်းနားတို့ကို ပုခုန်းထမ်းတင်ပေးခဲ့တာပါ။
အော်ဒီဂွါဒ်ဟာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) ပွဲ ကစာထားအပြီးမှာ သွင်းဂိုး (၁၁) ဂိုး ရယူထားသလို ဖန်တီးမှုလည်း (၈) ကြိမ်အထိ ပြုလုပ်ကာ အာဆင်နယ်အသင်းအတွက် အဖိုးတန်ရမှတ်တွေ ဖြစ်လာစေခဲ့ပါတယ်။
” ဒီရာသီမှာ မာတင် အော်ဒီဂွါဒ်ဟာ သိသိသာသာကိုပဲ တိုးတက်လာခဲ့ပါတယ်။ ” လို့ ရောဘတ် ပီရက်စ်က စပိန်သတင်းဌာနတခုဖြစ်တဲ့ Apostagolos နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
” ခြေစွမ်းပိုင်းတည်ငြိမ်မှုကိုလည်း ဒီနှစ်ရာသီမှာ ပြသထားနိုင်တယ်။ အထူးသဖြင့် သူ့ရဲ့ ခန္တာကိုယ် ကြံ့ခိုင်မှုပါပဲ။ သူ့ ခန္တာကိုယ်ဟာ ဒဏ်ရာအနာတရ ရခဲပြီး သူ့ကို ရပ်တန့်သွားတာမျိုး မဖြစ်စေခဲ့ပါဘူး။ တကယ်ကိုပဲ ပုံစံကောင်းတခုမှာ သူ ရှိနေပါတယ်။ နိုင်ပွဲတွေအတွက် ဆာလောင်မှု ပြင်းပြတာကိုလည်း တွေ့ရပါတယ်။ ”
ပီရက်စ်က ” ဒီလို ပင်ကိုပါရမီ ရင့်သန်တဲ့ ကစားသမားတဦး သူ့ရဲ့ ဖြစ်တန်စွမ်းဆီ ရောက်ရှိလာတာမျိုး မြင်ရတာဟာ ဝမ်းသာစရာ ကောင်းပါတယ်။ မာတင်ဟာ အသင်းအတွက် တာဝန်ခံမှုကိုလည်း ပိုပြီးပိုပြီး ရယူထားနိုင်နေပြီ ဖြစ်ပါတယ်။ သူဟာ လမ်းကြောင်းမှန် တခုထက်မှာ လျှောက်လှမ်းနေပြီး အာဆင်နယ်အသင်းဟာလည်း သူ့အတွက် အကောင်းဆုံး နေရာတခု ဖြစ်နေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : Apostagolos
- Posted In:
- Legends' Talk