ဆုဖလားပြိုင်ပွဲမှာ ထိုးနှက်ချက်နဲ့ကြုံခဲ့ရတဲ့ ဂျေးဇုကို သတင်းစကားပါးခဲ့တဲ့ ကန်ဆယ်လို coyg

ဆုဖလားပြိုင်ပွဲမှာ ထိုးနှက်ချက်နဲ့ကြုံခဲ့ရတဲ့ ဂျေးဇုကို သတင်းစကားပါးခဲ့တဲ့ ကန်ဆယ်လို

ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ ထွက်ကစားနေတဲ့ မန်ချက်စတာစီးတီးနောက်ခံလူ ဂျာအို ကန်ဆယ်လိုဟာ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုကို အန်းဖီးမှာ လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့တဲ့ အာဆင်နယ်ရဲ့ပွဲစဉ်အပြီးမှာ သတင်းစကားပေးပို့ခဲ့ပါတယ်။

အန်းဖီးက ရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၆ မှတ်အကွာနဲ့သာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာကြောင့် အာတီတာရဲ့အသင်းအတွက် စိတ်ပျက်စရာ ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ယခုလနှောင်းပိုင်း အစ်တီဟတ်မှာ အာဆင်နယ်အသင်းနဲ့ ဆုဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဂျေးဇုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၄၅ သန်းနဲ့ မန်ချက်စတာစီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဖော် ဇင်ချန်ကိုကလည်း ဘရာဇီးလ်တိုက်စစ်မှူးနောက်ကို လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဂန်းနားတွေရဲ့ ယခုရာသီ ဆုဖလားစိန်ခေါ်မှုမှာ အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့ညနေမှာ နောက်ထပ်တစ်ကြိမ် ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးနိုင်သူဆိုတာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပြီး ပြသခဲ့တာဖြစ်ပါတယ်။

ဂျေးဇုနဲ့ အာဆင်နယ်တို့အတွက် ကံဆိုးစွာနဲ့ပဲ နိုင်ပွဲ မရယူနိုင်ခဲ့တာကြောင့် ရာသီနောက်ဆုံး ၈ ပွဲကို မန်ချက်တာစီးတီးနဲ့ ၈ မှတ်အသာနဲ့ ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာဖြစ်ပြီး ကန်ဆယ်လိုဟာ ဇန်နဝါရီလမှာ ယခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ယခုရာသီမှာ နည်းပြ ဂွါဒီယိုလာရဲ့ ပထမအသင်းမှာ ပါဝင်ကစားခွင့် မရခဲ့တာကြောင့် ပုံမှန်ပွဲကစားချိန် ပိုမိုရရှိဖို့အတွက် အသင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ ဂျေးဇု၊ ဇင်ချန်ကိုတို့နဲ့အတူ အစ်တီဟတ်မှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပေါ်တူဂီနောက်ခံလူက အသင်းဖော်ဟောင်းဖြစ်တဲ့ ဂါဘရီယဲလ် ဂျေးဇုကို အာဆင်နယ်အသင်းရဲ့ လီဗာပူးလ်နဲ့ပွဲစဥ်က စိတ်ပျက်စရာရလဒ်အပြီး သတင်းစကား ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့် ဂျေးဇုက အန်းဖီးက သရေပွဲအပြီး အင်စတာဂရမ်မှာ “ကျွန်တော်တို့ လိုချင်ခဲ့တဲ့ရလဒ်မဟုတ်ပေမယ့် ဒီအစုအဖွဲ့အတွက် အမြဲတမ်း ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်စရာတွေ အများကြီးကျန်ရှိနေပါသေးတယ်။ အတူတူ လုပ်ကြရအောင်။ လက်သီးပုံ အီမိုဂျီ၊ လက်မောင်းကြွက်သားပုံ အီမိုဂျီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနောက်ခံလူ ကန်ဆယ်လိုက ဂျေးဇုရဲ့ ပို့စ်အောက်မှာ “ကြိုးစားထား(မီးတောက်ပုံ အီမိုဂျီ)”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အဲဒါက ပေါ်တူဂီနောက်ခံလူအနေနဲ့ ၎င်းရဲ့ မိခင်ကလပ်နဲ့ ဂျေးဇုရဲ့ အသင်းသစ်ကြား လက်ရှိဖြစ်ပွားနေတဲ့ ဆုဖလားတိုက်ပွဲအပေါ် ခံစားချက် သိပ်မရှိဘူးဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ဂန်းနားတွေထက် တစ်ပွဲလျော့နေတာကြောင့်ရော ယခုလနှောင်းပိုင်းမှာ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်တဲ့အပြင် ဂိုးကွာခြားချက်မှာ အနည်းငယ် အသာစီးရရှိနေတာကြောင့် ဆုဖလားရနိုင်ဖို့ မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးသာ ရာသီကုန်အထိ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားနိုင်ရင် ၆ နှစ်အတွင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ရရှိသွားနိုင်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ တသက်တာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ ဂွါဒီယိုလာရဲ့အသင်းကို အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတို့မှာ ၂ ကြိမ် ရှုံးနိမ့်ထားခဲ့ပြီးဖြစ်ပြီး တတိယအကြိမ်မြောက် တွေ့ဆုံမှုမှာ ကံကောင်းဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ ဆရာဟောင်းဖြစ်တဲ့ ဂွါဒီယိုလာနဲ့ ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၁ ကြိမ်သာ အနိုင်ရရှိခဲ့ဖူးပေမယ့် ဂျေးဇုနဲ့ ဇင်ချန်ကိုတို့က အသင်းဟောင်းကို ဒီတစ်ကြိမ်မှာတော့ အလဲထိုးနိုင်ဖို့ ကူညီပေးနိုင်မယ်လို့ အာတီတာက မျှော်လင့်နေမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet