အန်းဖီးကျိန်စာ အပြည့်အဝမပျယ်ခဲ့တဲ့ပွဲစဉ်မှာ အာတီတာ မှန်ကန်ခဲ့တဲ့ အရာတွေနဲ့ မှားယွင်းခဲ့တဲ့ အရာ ၂ ခု admin

အန်းဖီးကျိန်စာ အပြည့်အဝမပျယ်ခဲ့တဲ့ပွဲစဉ်မှာ အာတီတာ မှန်ကန်ခဲ့တဲ့ အရာတွေနဲ့ မှားယွင်းခဲ့တဲ့ အရာ ၂ ခု

အာဆင်နယ်အသင်းဟာ လီဗာပူးလ်ကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ၂-၂ သရေကျသွားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အန်းဖီးမှာ အနိုင်မရခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရခဲ့ပြီးမှ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်က ပွဲပြီးဆုံးခါနီးမှာ လီဗာပူးလ်အသင်းရဲ့ အပိုင်အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့လို့သာ သရေ ၁ မှတ် မဆုံးရှုံးခဲ့ရတာဖြစ်ပြီး ဒီပွဲစဉ်မှာ အာတီတာ မှားယွင်းခဲ့တဲ့ အရာ ၂ ခုနဲ့ မှန်ကန်ခဲ့တဲ့အရာ ၂ ခု ရှိခဲ့ပါတယ်။

ဗန်ဒိုက်ဘက်က ထိုးဖောက်ခြင်း-မှန်

ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ဗန်ဒိုက်ဟာ ဂိမ်းစကားနဲ့ ပြောရရင် နောက်ဆုံး ဆရာကြီးဖြစ်ခဲ့ပြီး အသင်းအားလုံးက ဒတ်ချ်နောက်ခံလူနဲ့ ဝေးဝေးနေဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက်ဟာ ပွဲစဉ်တစ်ပွဲ ကုန်ဆုံးသွားတိုင်း ၎င်းရဲ့ သာလွန်ကောင်းမွန်တဲ့ အရိပ်အယောင်တွေက လျော့ပါးသွားတာကို မြင်တွေ့ခဲ့ရပြီး ပထမဆုံး ဂိုးအတွက် ဂျေးဇု၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ဟာ ရောဘတ်ဆန်နဲ့ ဗန်ဒိုက်တို့ကြားက နေရာလွတ်ကို ပစ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။ အော်ဒီဂွါဒ် ပေးပို့လိုက်တဲ့ ဘောလုံးက ဗန်ဒိုက်နဲ့ ထိပြီး မာတီနယ်လီရဲ့ လမ်းကြောင်းထဲ ဝင်သွားခဲ့ပြီးနောက် အယ်လစ်ဆန်နဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးမှာ ဂျေးဇုက ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့ကြားက နေရာလွတ်ထဲကို ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်အနေနဲ့ ယုံကြည်မှု မရှိဖြစ်နေတာလား၊ ကံဆိုးတာလား၊ အချိန်ကိုက်ပဲဖြစ်သွားခဲ့တာလား မသိပေမယ့် ထိခိုက်လွယ်နေပုံပေါ်နေခဲ့တာတော့ ကျိန်းသေပါတယ်။ အာတီတာရဲ့ ဂန်းနားတိုက်စစ်ဟာ လီဗာပူးလ်နောက်ခံလူရဲ့ ရုန်းကန်နေရမှုကို ရက်ရက်စက်စက် အသုံးချသွားခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ၄ ဦးကို ပြန်လည်အသုံးပြုခဲ့ခြင်း-မှန်

ပရိသတ်အများစုဟာ ဂျေးဇုနဲ့ပတ်သက်ပြီး လုံးဝ မေ့လျော့သွားခဲ့တာက ဂန်းနားကြယ်ပွင့် ၃ ဦးရဲ့ အလွန်ကောင်းမွန်တဲ့ ပေါင်းစပ်မှုကြောင့် ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာမရခင်အထိ အာဆင်နယ်ရဲ့ အဓိကကစားသမားဖြစ်ပြီး ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အာတီတာက ဆာကာနဲ့ မာတီနယ်လီတို့ရဲ့အလယ်မှာ ဂျေးဇုကို အသုံးပြုခဲ့ပါတယ်။ ၎င်းတို့ရဲ့ စိတ်ချင်းဆက်သွယ်နေတဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လီဗာပူးလ်နောက်တန်းကို ခြိမ်းခြောက်ဖို့အတွက် မကြာခဏ အတူတကွ ပေါင်းစပ်ပြီး ကစားခဲ့တဲ့ပုံစံက ဘယ်တုန်းကမှ မခွဲခွာခဲ့ဖူးဘူးလို့တောင် ထင်ခဲ့ရပါတယ်။

ထရော့ဆာ့ဒ် ရောက်ရှိလာပြီးကတည်းက ခြေစွမ်းကောင်းပြသနေမှုနဲ့ အန်းဖီးမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့အချက်ကြောင့် အာတီတာအနေနဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို အသုံးပြုမယ်ဆိုရင် အများစုအတွက် အံ့အားသင့်စရာဖြစ်ခဲ့မှာမဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက သူ့ရဲ့ အကောင်းဆုံးအသင်းကို ပရီးမီးယားလိဂ်က တခြားနည်းပြတွေအားလုံးထက် ပိုသိခဲ့ပြီး ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့အတွဲကို သုံးလို့ရတဲ့အချိန်တိုင်း အမြဲတမ်း အသုံးပြုနေမှာ ဖြစ်ပါတယ်။

ခေါင်းအေးအေးထားဖို့ လိုအပ်ခဲ့ခြင်း-မှား

အာဆင်နယ်ဟာ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပထမပိုင်း သွင်းဂိုး ၂ ဂိုးက အန်းဖီးက လီဗာပူးလ်ပရိသတ်တွေကို တိတ်ဆိတ်စေခ့ပေမယ့်လည်း ချာကာနဲ့ အာနိုးတို့ ပြဿနာတက်ပြီးနောက် ပတ်ဝန်းကျင်အငွေ့အသက်က ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်ကွင်းလယ်လူဟာ အင်္ဂလန်နောက်ခံလူနဲ့ တွန်းထိုးခဲ့ကြပြီး အဲဒီဖြစ်စဉ်ကြောင့် အန်းဖီးက အသံတွေက ထုနဲ့ထည်နဲ့ မြင့်တက်လာခဲ့ပြီး ရုန်းကန်နေရတဲ့ လီဗာပူးလ်ကစားသမားတွေအတွက် အားဆေးဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲကစားချိန်တွေမှာ ထက်မြက်မှုမရှိခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ဟာ အဲဒီဖြစ်စဉ်အပြီးမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီးပထမပိုင်းမပြီးဆုံးခင်မှာ ဆာလားရဲ့ ချေပဂိုးနဲ့ ပြန်လည်ချေပသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အန်းဖီးကနေ ရမှတ်တွေနဲ့ အိမ်ပြန်ချင်ရင် ခေါင်းအေးအေးထားပြီး အာရုံစူးစိုက်မှုရှိဖို့ လိုအပ်ပြီး စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့ ခဏလေးက ပေးဆပ်ရမှုတွေ များသွားခဲ့တာဖြစ်ပါတယ်။

လူစားလဲလှယ်မှု-မှား

ပထမပိုင်း ၃၀ မိနစ်မှာ လီဗာပူးလ်အသင်းဟာ ဘယ်လောက်အထိ ငြိမ်သက်နေလဲဆိုတာကို စဉ်းစားလိုက်ရင် ကြိုးကြာနီတွေဟာ အမြဲတမ်း ဒုတိယပိုင်းမှာ ပြန်လာတတ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်အများစုမှာ အာဆင်နယ်ဟာ လီဗာပူးလ်ရဲ့ အဆက်မပြတ်တိုက်စစ်ဆင်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။အလက်ဇန်းဒါး-အာနိုးက ကွင်းလယ်ကို ဝင်ကစားချိန်မှာ လီဗာပူးလ်က မြောက်လန်ဒန်သားတွေထက် ကွင်းလယ်မှာ အသာစီးရခဲ့ပြီး အာတီတာရဲ့အသင်းဟာ ဂျေးဇုက ဗန်ဒိုက်၊ ကိုနာတီတို့နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အကူအညီမပေးနိုင်ခဲ့ဘဲ ဘောလုံးကို ရှေ့မပို့ချင်တဲ့အသင်းတစ်သင်းပုံစံပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာဟာ မိနစ် ၇၀ မတိုင်ခင်အထိ အရန်ခုံကိုယောင်လို့တောင် လှည့်မကြည့်ခဲ့ဘဲ မိနစ် ၈၀ မှာ ဂျေးဇုနဲ့ အော်ဒီဂွါဒ်တို့ကို ထုတ်ပြီး ထရော့ဆာ့ဒ်နဲ့ ခီဗီယောကို ထည့်သွင်းလိုက်ချိန်မှာ တိုက်စစ်အား လျော့ကျပြီး ခံစစ်သက်သက်ကစားပုံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet