ဇင်ကြီးတင်းသွားအောင် လေပြန်တိုက်ခဲ့တဲ့အကြောင်း ပြောလာတဲ့ ဂျေးဇု
ဒီရာသီမှာမှ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့ပေမယ့် အချိန်တိုအတွင်းမှာပဲ အဝတ်လဲခန်းအတွင်းက ဦးဆောင်သူနေရာကို ရယူခဲ့သလို ကွင်းထက်မှာလည်း နည်းပြ အာတေတာ အားကိုးရတဲ့ အဓိက ကစားသမားတွေ ဖြစ်နေကြသူတွေက တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုနဲ့ အလက်ဇန်းဒါး ဇင်ချင်ကိုတို့ပါပဲ။
နှစ်ဦးစလုံးဟာ အရည်အသွေးမြင့် စွမ်းဆောင်ရည်တွေနဲ့အတူ ဒီရာသီမှာ ဂန်းနားတို့ အမြင့်ပျံကာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လက်တကမ်းကွာ အခြေအနေအထိရောက်အောင် အကျိုးပြုခဲ့သလို အသင်းအတွင်းမှာလည်း ခေါင်းဆောင်ကောင်းတွေ ပီသစွာ လူငယ်တွေကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်နေကြတာပါ။
အထူးသဖြင့် ဇင်ချင်ကိုရဲ့ ခံယူချက်၊ စိတ်ဓာတ်ပြင်းထန်မှုနဲ့ ခွန်အားတွေဟာ အသင်းဖော်တွေအတွက် အားကိုးစရာ၊ လေးစားစရာ၊ ချစ်ခင်စရာ ဖြစ်နေပါတယ်။ ဂျေးဇုကတော့ မြန်မာဂွန်းနားတွေ ဇင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ယူကရိန်းသားကြီးဟာ အာဆင်နယ်အသင်းရဲ့ ဂျိုကာတယောက်အဖြစ် ညွှန်းပါတယ်။
ဇင်ကြီးဟာ အမြဲတမ်းပဲ ရယ်စရာတွေ ပြောပြနေတတ်ပြီး ဟာသဖောက်ရာမှာ ဆရာကျလွန်းတယ်လို့ ဘရာဇီးလ်သားက ဖွင့်ဟခဲ့ကာ တကြိမ်မှာတော့ အဆိုပါဂျိုကာကြီး တင်းသွားရလောက်အောင် သူ့ဘက်က ပြန်စခဲ့တဲ့အကြောင်းကိုလည်း ဖော်သည်ချလာပါတယ်။
” အဲလက်စ် (ဇင်ချင်ကို) ဟာ တကယ့်ကို ဟာသဘုရင်ပါပဲ။ တဦးဦးကို အမြဲတမ်းပဲ စနောက်နေတတ်သူ ဖြစ်ပါတယ်။ ဘယ်လိုပြောရမလဲ။ ကျွန်တော့်ကိုဆိုရင် ‘ငါက ပရီးမီးယားလိဂ်ဖလား (၄) လုံးရခဲ့တာ မင်းလည်း သိပါတယ်။ နောက်ဆုံးတခုကိုတော့ ငါမင်းကို ပေးခဲ့တာပေါ့’ ဆိုတဲ့ ဟာသမျိုးပေါ့။ ”
” သူက ပြောတယ်။ ‘နောက်ဆုံးတကြိမ်ဖြစ်တဲ့ မနှစ်က ဗီလာကို (၂) ဂိုးပြတ် ရှုံးနေချိန်မှာ ငါ ဝင်ကစားရတယ်’ တဲ့။ ဟုတ်တော့ ဟုတ်ပါတယ်။ အဲဒီပွဲမှာ သူဝင်လာပြီးနောက် ပွဲအဖြေကို ပြောင်းလဲသွားခဲ့တာပါ။ သူဟာ တိုက်စစ်မှာ ဘောလုံးလက်ခံခဲ့ပြီး ဖန်တီးမှုတကြိမ် ပြုလုပ်ခဲ့တာလေ။ ”
ဂျေးဇုက ” ဒါကို အခွင့်ကောင်းယူပြီး သူက ဖောက်တာပေါ့ဗျာ။ ‘ငါက မင်းကို ဖလားတလုံး ပေးခဲ့တာ။ ပရီးမီးယားလိဂ်ဖလားနော်။ ငါကြောင့် မင်းမှာ ပရီးမီးယားလိဂ်ဖလား (၄) လုံး ရှိနေတာ’ တဲ့။ ကျွန်တော်က အဲဒီတော့ ပြန်ပြောလိုက်ပါတယ်။ ”
” ဟုတ်ပါတယ်။ ငါဒါကို လက်ခံပါတယ်။ ဒါပေမယ့်လည်း အဲဒီပရီးမီးယားလိဂ်ဖလား (၄) ကြိမ်မှာ မင်းက ပွဲ (၂၀) လောက်ပဲ ပွဲထွက်ခွင့်ရခဲ့တာနော်။ ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ သူ ကျွန်တော့်ကို သတ်ချင်သွားပါတယ်။ ” လို့ အင်တာဗျူးတခုမှာ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
Ref : Mirror
- Posted In:
- Players' Talk