ဆာကာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ပေးခဲ့တာကို ထောက်ခံလိုက်တဲ့ ပေါလ်မာဆင် mgsaw

ဆာကာကို မြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ပေးခဲ့တာကို ထောက်ခံလိုက်တဲ့ ပေါလ်မာဆင်

လူငယ်ကစားသမားတဦးကို ဘောနပ်စ်တွေအပါအဝင် တပတ်လုပ်ခ ပေါင် (၃) သိန်းနီးပါး ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး ပေါလ် မာဆင်က တုံ့ပြန်ပြောကြားမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဂန်းနားတို့ဟာ အသင်းအတွက် အစွမ်းကုန် တောက်ပနေတဲ့ အကယ်ဒမီထွက် အရည်အသွေးမြင့် တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာကို အခြေခံလစာ တပတ်လုပ်ခ ပေါင် (၂) သိန်းခွဲ ဝန်းကျင်ပေးပြီး ဘောနပ်စ်တွေထည့်ပေါင်းရင် (၃) သိန်းနီးပါးအထိ ရနိုင်မယ့် ပမာဏမျိုးနဲ့ (၅) နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အသင်းအနာဂတ်အတွက် အရေးအပါဆုံး ကစားသမားတွေထဲက တဦးအပါအဝင်ဖြစ်သလို လက်ရှိအချိန်မှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ အင်္ဂလန်သားလေးကို အမ်းမရိတ်မှာပဲ မည်သည့်နည်းနဲ့မဆို ဆက်ထိန်းထားနိုင်ဖို့ အာဆင်နယ်အသင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်တွေ့မှာလည်း အကောင်အထည် ဖော်နိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း အမြဲလိုလို အဆိုးမြင်မှုတွေ ရှိတတ်ကြတဲ့အတိုင်းပဲ အသက် (၂၁) နှစ်သားလေးကို ဒီလိုလုပ်ခလစာမျိုး ပေးချေခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ကြုံတွေ့နေရတာဖြစ်ပြီး ပေါလ် မာဆင်တို့လို ဂန္ထဝင်ကစားသမားတွေအပါအဝင် ပရိသတ်အများစုကတော့ ထိုက်တန်တယ်လို့ ယုံကြည်နေကြပါတယ်။

” ပြောရရင် ဒီကလေးဟာ အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ဆာကာဟာ တကယ့်အခိုက်အတန့်တွေမှာ အရည်အသွေးမြင့်ခြေစွမ်းမျိုး ပြသနိုင်သူ ဖြစ်ပါတယ်။ သူ လုပ်ပြခဲ့သမျှတွေအတွက် အာဆင်နယ်က ဆုအဖြစ် ဒီစာချုပ်ကို ပေးခဲ့တာပါပဲ။ ဆာကာဟာ အာဆင်နယ်အသင်းအတွက် လက်ဖျားခါစရာ စွမ်းဆောင်ရည်မျိုးနဲ့ ပေးဆပ်နေသူကိုး။ ”

” သူတို့သာ အသင်းကို ဆက်လက်တည်ဆောက်လိုတယ်ဆိုရင် ပေးချင်တဲ့ဈေးမျိုးကိုပေး၊ သုံးချင်တဲ့ ငွေကြေးမျိုးကို အသုံးပြုမှာပါပဲ။ ဆိုတော့ သူတို့ဟာ ဆာကာကို စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ်လာချိန်မှာ လိုအပ်သလိုပဲ ရအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ”

ပေါလ် မာဆင်က ” အပေါ်ကဆိုခဲ့သလို ဆာကာကလည်း အရမ်းကောင်းနေတာကိုး။ ဆာကာ ဒီလိုစာချုပ်မျိုး မရသင့်တဲ့ အကြောင်းပြချက်မျိုး ကျွန်တော်ဖြင့် ရှာမတွေ့မိပါဘူး။ သူဟာ ဒါနဲ့ ထိုက်တန်သူ ဖြ်စပါတယ်။ သူဟာ အရမ်းကောင်းပြနေသူ ဖြစ်ပါတယ်။ အာဆင်နယ်သာ ဒီလိုအဆင့်မျိုးနဲ့ နောက် (၅) နှစ်၊ (၆) နှစ်လောက် ဆက်သွားလိုတယ်ဆိုရင် သူတို့ရဲ့ အကောင်းဆုံးသော ကစားသမားတွေကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : TBR