ဂွါဒီယိုလာရဲ့ နည်းဗျူဟာကို မှီငြမ်းခဲ့တယ်လို့ ရိုးသားစွာနဲ့ ဝန်ခံခဲ့တဲ့ အာတီတာ 150 150 coyg

ဂွါဒီယိုလာရဲ့ နည်းဗျူဟာကို မှီငြမ်းခဲ့တယ်လို့ ရိုးသားစွာနဲ့ ဝန်ခံခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယခုရာသီမှာ ဇင်ချန်ကိုကို အသုံးပြုခဲ့တဲ့ ပုံစံဟာ ဂွါဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်နည်းပြဘဝတုန်းက ဖိလစ် လမ်းကို အသုံးပြုခဲ့တဲ့ပုံစံကို အတုယူခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြခဲ့တဲ့အချိန်တုန်းက ဂျာမနီဂန္တဝင်နောက်ခံလူကို လူစာရင်းထဲမှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ ယခုရာသီ ဆုဖလားစိန်ခေါ်မှုကို အကူအညီဖြစ်စေမယ့် နည်းဗျူဟာကို တီထွင်ခဲ့တာဖြစ်ပါတယ်။

သမားရိုးကျ ညာနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဖိလစ် လမ်းဟာ နည်းစနစ်ပိုင်း အရည်အချင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ကွင်းလယ်ဗဟိုကစားသမားအဖြစ် ပိုမိုအသုံးပြုခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်တုန်းက ဂွါဒီယိုလာဟာ ဂျာမန်နောက်ခံလူက နည်းပြဖူးသမျှ ကစားသမားတွေထဲမှာ ဉာဏ်ရည်ဉာဏ်သွေးအထက်မြက်ဆုံးကစားသမားလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကိုကလည်း ယခုရာသီမှာ ဖိလစ် လမ်းနဲ့ အလားတူပဲ စွမ်းဆောင်ပြနေတာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေဟာ မန်စီးတီးကနေ ခေါ်ယူခဲ့ချိန်မှာ ယူကရိန်းဘယ်နောက်ခံလူက ကမ္ဘာ့အဆင့်မဟုတ်ရင်တောင် အားထားရတဲ့ကစားသမားလို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇင်ချန်ကိုဟာ အာဆင်နယ်အသင်းရဲ့ ကစားဟန်ကို ပြုပြင်ပြောင်းလဲပေးခဲ့တာဖြစ်ပြီး အာတီတာက နည်းဗျူဟာ အပြောင်းအလဲကို ဆွေးနွေးခဲ့ရာမှာ ဂွါဒီယိုလာရဲ့ ကနဦး တီထွင်မှုကို အတုယူပြီး ဆင့်ပွားတီထွင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက ကျွန်တော် ဘာစီလိုနာမှာ ရှိခဲ့တဲ့အချိန်မှာ စတင်ခဲ့တာပါ။ ကျွန်တော်တို့ ၃-၄-၃ စိန်တုံးကစားကွက်ကို အသုံးပြုနေကျဖြစ်ပြီး နောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးက ကွင်းလယ်မှာ ကစားနေကျပါ။ ဒါပေမယ့် ပက်က အဲဒါကို ဘိုင်ယန်မှာ ဖိလစ် လမ်းနဲ့အတူ ပထမဆုံးလုပ်ခဲ့ပြီး စီးတီးမှာ မတူညီတဲ့ကစားသမားတွေနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့အတူ တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒီတော့ ဒါက အရမ်းကောင်းတဲ့အရာပါ။ ခင်ဗျား တစ်ချိန်လုံး တခြားအားကစား၊ တခြားနည်းပြတွေဆီကနေ ခင်ဗျားကိုယ် ခင်ဗျားပိုကောင်းမွန်လာအောင် ယူသင့်တာ ယူလို့ရပြီး စူးစမ်းချင်စိတ်က တိုးတက်လာဖို့နဲ့ ပိုကောင်းမွန်လာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ဘန် ဝှိုက်ကိုလည်း အလားတူပုံစံမျိုးနဲ့ အသုံးပြုခဲ့ပြီး အင်္ဂလန်နောက်ခံကစားသမားဟာ အသင်းက ဘောလုံးပိုင်ဆိုင်မှု ရနေချိန်မှာ အတွင်းကို ဝင်ပြီး မြောက်လန်ဒန်ကလပ်အသင်းက ၂=၃-၅ ကစားကွက်မျိုးနဲ့ အကျိုးသက်ရောက်မှုရရှိရှိ ကစားနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet