နည်းပြ အာတေတာ အောင်မြင်လိမ့်မယ်ဆိုတာ ကြိုသိခဲ့တယ်လို့ ရမ်ဆေး ဖွင့်ဟ
အာဆင်နယ်အသင်းကို အကောင်းဆုံး ဦးဆောင်ပြနေတဲ့ နည်းပြဖြစ်သူ မီကေလ် အာတေတာဟာ ကစားသမားဘဝမှာကတည်းက ထိပ်တန်းနည်းပြတဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ပြသခဲ့သူ ဖြစ်တာကြောင့် သူ့အနေနဲ့ အစောကတည်းက နည်းပြဘဝမှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြောင်း ဂန်းနားဟောင်းလည်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ အာရွန် ရမ်ဆေးက ဖွင့်ဟလိုက်ပါတယ်။
ရမ်ဆေးနဲ့ အာတေတာတို့ဟာ တချိန်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားတွေအဖြစ် တွဲဖက်ညီခဲ့ကြသူတွေဖြစ်ပြီး ဂန္ထဝင်နည်းပြကြီး အာစင် ဗင်းန်ဂါးရဲ့လက်အောက်မှာ မြင့်မားတဲ့ အရည်အသွေးတွေကို ပြသခဲ့ပါတယ်။
နည်းပြ အာတေတာကတော့ အဆိုပါအချိန်ကတည်းက အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တဦးအဖြစ် အသင်းကို ဦးဆောင်နေခဲ့တာဖြစ်ပြီး အာစင်းရဲ့ အားကိုးရတဲ့ လက်ရုံးတဆူလို ဖြစ်ခဲ့ပါတယ်။ အမ်းမရိတ်နေ့ရက်တွေမှာ ဂန်းနားတို့ဟာ အောင်မြင်မှုနည်းပါးနေသေးပေမယ့်လည်း ရမ်ဆေးနဲ့ အာတေတာတို့ဟာ အက်ဖ်အေဖလားကို အတူတကွ ရယူနိုင်ခဲ့ကြပါသေးတယ်။
” အသင်းဖော်တဦးအနေနဲ့ သူ့ (နည်းပြ အာတေတာ) ရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို မြင်ခဲ့ရပါတယ်။ သူ့ကိုယ်သူလည်း အကောင်းဆုံး ပြင်ဆင်ဖြတ်သန်းနိုင်သူ ဖြစ်ပါတယ်။ အခုချိန်မှာ သူ့လုပ်ပြနေတာတွေကိုပဲ ကြည့်လေ။ ကျွန်တော်ကတော့ သူ တနေ့နေ့မှာ နည်းပြတဦး ဖြစ်လာလိမ့်မယ်လို့ အစောကတည်းက ယုံကြည်ခဲ့ပါတယ်။ ”
” သူ့ရဲ့ တွေးခေါ်စဉ်းစားပုံတွေ၊ သူ့ရဲ့ အားစိုက်ထုတ်မှုတွေဟာ အရမ်းကောင်းပါတယ်။ အာဆင်နယ်မှာ သူ လုပ်ပြနေတာတွေဟာ မယုံနိုင်စရာတွေချည်းပါပဲ။ သူတို့ဟာ အခုချိန်မှာ အရမ်းကောင်းနေပါတယ်။ (ဝေးလ် ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြ အာတေတာ နည်းပြလက်မှတ် ယူခဲ့စဉ်တုန်းကလည်း) ကျွန်တော်တို့ မကြာခဏ စကားပြောဖြစ်ပါတယ်။ ”
ရမ်ဆေးက ” ဝေးလ်အသင်းရဲ့ တည်ဆောက်ပုံတွေ၊ နည်းလမ်းတွေနဲ့ပတ်သက်လို့ သူ အရမ်းသဘောကျမိကြောင်းလည်း ကျွန်တော့်ကို ပြောပြခဲ့တယ်။ ဝေးလ်ဟာ ထိပ်တန်းနည်းပြတွေ မွေးထုတ်ပေးရာ နေရာကောင်းတခုလည်း ဖြစ်တယ်။ အခုချိန်မှာ လူတော်တော်များများ ဝေးလ်ဆီပဲ လာရောက်ကြပါတယ်။ ”
” အာဆင်နယ်အသင်းသာ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပါပဲ။ ဒီအသင်းဟာ ကျွန်တော့်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှိနေဆဲပါပဲ။ ကျွန်တော် (၁၀) နှစ်၊ (၁၁) နှစ်လောက် ဖြတ်သန်းခဲ့ဖူးတဲ့အသင်းလည်း ဖြစ်တယ်။ အခုတော့ သူတို့ ချန်ပီယံဖြစ်ဖို့ ကျွန်တော် အားပေးနေပါမယ်။ ”
” ကစားသမားတော်တော်များများ၊ ဝန်ထမ်းတော်တော်များများနဲ့လည်း ကျွန်တော် ရင်းနှီးနေသေးတယ်။ ပရိသတ်တွေဟာလည်း ဒီအောင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : Standard
- Posted In:
- Praise Talks