ပွဲတွေ ပြန်ကစားဖို့ စိတ်အားထက်သန်နေတဲ့ စမစ်ရိုးလ်နဲ့ တွေ့ဆုံခြင်း mgsaw

ပွဲတွေ ပြန်ကစားဖို့ စိတ်အားထက်သန်နေတဲ့ စမစ်ရိုးလ်နဲ့ တွေ့ဆုံခြင်း

ဖြူဖျော့ဖျော့ လူငယ်လေးတဦးရဲ့ မျက်နှာထက်က အပြုံးတွေကို နောက်ဆုံးတော့ ပြန်မြင်ရပြီ။ ဒီလူငယ်လေးဟာ လွန်ခဲ့တဲ့ (၉) လုံး ပရိသတ်မျက်စိရှေ့မှောက်ကနေ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေခဲ့သူ ဖြစ်တယ်။ အရှိန်ကောင်းကောင်းနဲ့ အမြင့်တက်နေတဲ့ လူငယ်ကစားသမားတဦးရဲ့ ဘဝကို ဒဏ်ရာတွေက ခေတ္တခဏ ရပ်တန့်စေခဲ့တယ်။

မြက်ခင်းစိမ်းတွေနဲ့ ကာလရှည် ဝေးသွားတယ်။ ကံကြမ္မာက ပေးတဲ့ ဒဏ်တွေကနေ ပြန်လည်လွတ်မြောက်လာတော့လည်း အားကစားသမားတဦးရဲ့ ယုံကြည်မှုနဲ့ ကြံ့ခိုင်မှုတို့ ပျောက်ဆုံးနေခဲ့တဲ့အတွက် နည်းပြဖြစ်သူရဲ့ အားကိုးအားထားပြုမှု ပြန်လည်ရရှိဖို့ရာ စောင့်ဆိုင်းခဲ့ရပြန်တယ်။ မှတ်မှတ်ရရဆို ပြင်သစ် U21 အသင်းကို (၄) ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲဟာ ဒီနှစ်ပိုင်းတွေအတွင်း ဒီကောင်လေး စမစ်ရိုးလ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်လူစာရင်းထဲ စာရင်းပေါက်မှုပဲလို့ ပြောရမယ်။

ဒါဟာ သူ့အတွက် အရေးပါတဲ့ခြေလှမ်းတရပ်ပဲ။ သူ့ကိုယ်တိုင်ရော၊ အားလုံးဆီကနေရော ယုံကြည်မှုတွေ ပြန်လည်ရရှိဖို့ရာ ဒီလိုမျိုး ပြန်စရမှာပဲ။ တကယ်လည်း အစကောင်းခဲ့ပါတယ်။ စမစ်ရိုးလ်ဟာ အဆိုပါပွဲမှာ အင်္ဂလန် U21 အတွက် (၆၅) မိနစ်အထိ ကစားခွင့်ရခဲ့ပြီး အဖွင့်ဂိုးကိုလည်း ရယူပေးခဲ့တယ်။ ပွဲအပြီးမှာတော့ သူ့အသင်းက (၄) ဂိုးပြတ်နိုင်ခဲ့တယ်။

ပေါင်ခြံဒဏ်ရာရဲ့ ကာလရှည်ဒုက္ခပေးမှုကို ခံစားခဲ့ရပြီးနောက် အသက် (၂၂) နှစ်သားဟာ ပြန်လည်ထွန်းတောက်ဖို့ အရှိန်စယူနိုင်ခဲ့ပါပြီ။ ” ကျွန်တော် ဒီ့အရင်က ခွဲစိတ်ကုသမှု မခံယူခဲ့ဖူးဘူးဗျ။ ဒီတော့ ဒဏ်ရာကို ခွဲစိတ်ကုသရတော့မယ်ဆိုတော့ စိုးရိမ်ခဲ့မိတာ အမှန်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်ကိုယ်တိုင် မသိခဲ့ရတဲ့ အခြေအနေကြီးကိုး။ အရင်လို ကြံ့ခိုင်မှုမျိုး ပြန်ရပါ့မလားဆိုတာလည်း မသေချာခဲ့ဘူး။ ” လို့ စမစ်ရိုးလ်က ပြောတယ်။

အာဆင်နယ်အတွက်လည်း ချန်ပီယံတိုက်ပွဲက အရှိန်မြင့်လာချိန်မှာ စမစ်ရိုးလ်လို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ဆီက စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်နေတာ အမှန်ပဲ။‌ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအထိတော့ စိတ်ရော လူရော အသင့်မဖြစ်သေးတဲ့ စမစ်ရိုးလ်ကို မြင်တွေ့ခဲ့ရပြီး နည်းပြဖြစ်သူ အာတေတာကလည်း လူစားဝင်အဖြစ်သာ အသုံးပြုနေခဲ့တယ်။

ဒါပေမယ့် အင်္ဂလန် U21 ပွဲတွေက လက်ကျန်ပွဲစဉ်တွေမှာ စမစ်ရိုးလ်ရဲ့ အရေးပါမှုကို မြှင့်တင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်လာနိုင်တယ်။ ” ဒီအချိန်က ကျွန်တော် U21 အသင်းမှာ ကစားတဲ့ နောက်ဆုံးရာသီ ဖြစ်လာမှာပါ။ ဆိုတော့ ကျွန်တော် ပွဲကစားခွင့်ရနေဖို့ လိုအပ်ပါတယ်။ မိနစ်တွေ ပိုရချင်တယ်။ ဂိုးတွေ သွင်းချင်တယ်။ ဖန်တီးမှုတွေ တတ်နိုင်သလောက် လုပ်ပေးချင်တယ်။ တကယ်တော့ ကျွန်တော့်အတွက် အဓိကကတော့ အာဆင်နယ်အသင်းပဲပေါ့။ ”

” ကျွန်တော် ပွဲတွေကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ အသင်းက အရမ်းကောင်းနေတာလေ။ ကျွန်တော်လည်း တစိတ်တနေရာကနေ အသင်းအတွက် အကျိုးပြုခွင့် ရချင်တာပေါ့။ ”

ဟေးအန့်ရဲ့ အကယ်ဒမီကြယ်ပွင့်လေးဟာ အာဆင်နယ်အတွက် ပွဲထွက်ကစားခွင့်မရတော့တာဟာ (၂၀၂၂) ခုနှစ်၊ မေလကတည်းက ဖြစ်တယ်။ ဒဏ်ရာရနေစဉ်တလျှောက်လုံးမှာ နည်းပြ အာတေတာက အကောင်းဆုံး ပံ့ပိုးပေးခဲ့တယ်။ နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ အသင်းနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတွေမှာ တချိန်လုံး ပါဝင်ခွင့်ပေးခဲ့တယ်။ ဒါက စမစ်ရိုးလ်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အရေးကြီးပါတယ်။

တဦးနဲ့တဦး အကောင်းဆုံး ပံ့ပိုးပေးကြတဲ့ ဒီလို အသင်းအဖွဲ့မျိုးထဲမှာ ရှိနေတာတောင်မှ စမစ်ရိုးလ်အနေနဲ့ အမှောင်တိမ်တိုက်တွေ၊ အထီးကျန်ဆန်သောညတွေကို ဖြတ်သန်းခဲ့ရသေးတယ်။ အထူးသဖြင့် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူအပြီး အိမ်မှာ နားနေတဲ့ အခိုက်အတန့်မျိုးတွေ … အနာဂတ်အတွက် တဦးတည်း တွေးတောပူပန်းနေမှုမျိုးတွေ …

အာဆင်နယ်အသင်းဆီ ပြန်လာတော့မှ ဒါတွေ ပျောက်ခဲ့ရတာ ဖြစ်တယ်။ နောက်တော့ လေ့ကျင့်ရေးကွင်းဆီ ပြန်လာနိုင်တယ်။ ကာတာကို ကြံ့ခိုင်ရေးခရီးစဉ်ထွက်လာတော့ စမစ်ရိုးလ်လည်း အသင်းနဲ့အတူ ပါဝင်လာခဲ့တယ်။ အဲဒီနောက်မှာမှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး ပြန်လည်တည်ဆောက်ခဲ့ရတာ ဖြစ်တယ်။

” နည်းပြ အာတေတာက ကျွန်တော့်ကို အရာအားလုံးမှာ ပါဝင်တယ်လို့ ခံစားနိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ အရေးကြီးပါတယ်။ ကျွန်တော် ကာတာမှာတော့ အင်္ဂလန်နဲ့ ဝေးလ်ပွဲကိုတောင် သွားကြည့်ခဲ့သေးတယ်။ ကျွန်တော့်ရဲ့ အာဆင်နယ်အသင်းဖော်တွေကို အားပေးဖို့ပေါ့။ တကယ်လည်း ပျော်စရာကောင်းပါတယ်။ ”

” လေဆိပ်မှာ ပရိသတ်ပေါင်းစုံနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ တကယ်ကို မယုံနိုင်စရာ အတွေ့အကြုံပါပဲ။ တချိန်တည်းမှာလည်း လေ့ကျင့်ရေးအတွက် ကျွန်တော် ကြိုးစားပါတယ်။ နေ့စဉ်မနက် (၆) နာရီလောက်ထတယ်။ ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိလာဖို့အတွက် အာရုံစိုက်ပါတယ်။ ”

အာဆင်နယ်ဟာ ဒီနှစ်ရာသီမှာတော့ လက်ကျန် (၁၀) ပွဲပဲ ကျန်ရှိတော့တဲ့အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို (၈) မှတ်ဖြတ်ထားနိုင်တယ်။ ဒီလိုအမြင့်ပျံခရီးကို ဖြတ်သန်းနေရတာဟာ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုနဲ့ အလက်ဇန်းဒါး ဇင်ချင်ကိုတို့လို ကစားသမားတွေ အသင်းကို ရောက်လာတဲ့အတွက်ကြောင့်လည်း ပါဝင်တယ်လို့ စမစ်ရိုးလ်က ယုံကြည်နေတယ်။

” အခုချိန်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက လုံးဝကို ကွဲပြားခြားနားသွားပါပြီ။ ရာသီကြို အစီအစဉ်တွေမှာကိုပဲ အားလုံးရဲ့ မျက်နှာထက်မှာ ဘယ်လောက်အထိ အသင့်ဖြစ်နေပြီလဲဆိုတဲ့ ယုံကြည်မှုတွေကို မြင်ခဲ့ရတယ်။ ဇင်ချင်ကိုနဲ့ ဂျေးဇုတို့က တသင်းလုံးရဲ့ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။”

” သူတို့မှာ ဒီလိုအတွေ့အကြုံမျိုးတွေ ရှိနှင့်ထားပြီးသား ဖြစ်တယ်။ ဘယ်လို အောင်ပွဲတွေ ရယူရမလဲဆိုတာကို သူတို့ သိတယ်။ ကျွန်တော့်အနေနဲ့တော့ နည်းပြ လိုအပ်တဲ့အချိန်မှာ ပါဝင်ကစားပေးဖို့ အသင့်ဖြစ်နေပါပြီ။ အသင်းက အရမ်းကောင်းနေတယ်။ အသင်းကို‌ ဘေးကနေပဲ ထိုင်ကြည့်နေရတဲ့ ဒီလိုအခြေအနေမျိုးကို ကျွန်တော် မကြုံဖူးခဲ့ဘူး။ အခုတော့ ကျွန်တော် အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားနေပါပြီ။ ” လို့ စမစ်ရိုးလ်က ဆိုတယ်။

Ref : The Athletic