အဓိကတိုက်စစ်မှူးတွေ မပါဝင်နိုင်ပေမယ့် မြောက်လန်ဒန်ဒါဘီမှာ စပါးစ်ကို ဂိုးပြတ်ထပ်အနိုင်ယူခဲ့သည့် ဂန်းနားလေဒီများ admin

အဓိကတိုက်စစ်မှူးတွေ မပါဝင်နိုင်ပေမယ့် မြောက်လန်ဒန်ဒါဘီမှာ စပါးစ်ကို ဂိုးပြတ်ထပ်အနိုင်ယူခဲ့သည့် ဂန်းနားလေဒီများ

အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပထမဦးစားပေး ဂိုးသမား ဇင်းစ်ဘာဂါကို အနားပေးကာ ယခုနှစ်မှ ခေါ်ယူထားတဲ့ ကနေဒီယန်း ဂိုးသမား ဒီ-အိန်ဂျလိုကို ပွဲထွက်အသုံးပြုလာပြီး နောက်တန်းမှာ လေး ဝီလီယမ်ဆန်၊ ဝပ်ဘင်-မွိုင်း၊ မက်ကေ့ဘ်၊ မာရစ်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မာနမ်၊ လစ်တဲလ်နဲ့ ဗာလ်တီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖို့ဒ်၊ ဘလက်စတင်နီးယပ်စ်နဲ့ ဗစ်တိုးရီးယား ပီလိုဗာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတင်ပြီးမကြာမီ ပွဲချိန် ၅ မိနစ်မှာ နောက်တန်းက ဝီလီယမ်ဆန် ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ဘလက်စတင်နီးယပ်စ်က ရရှိသွားပြီး စပါးစ် ဂိုးဧရိယာထဲ ဆွဲယူသွားပြီး ညာခြေနဲ့ အပြင်းကန်သွင်းခဲ့ရာ စပါးစ် ဂိုးသမား ဘယ်လိုမှ မတတ်နိုင်ခဲ့ပဲ အာဆင်နယ်အမျိုးသမီးအသင်းက ဦးဆောင်အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ ကွင်းလယ်က ပီလိုဗာရဲ့ ပေးပို့မှုကနေ ဘောလုံးရရှိသွားခဲ့တဲ့ သြစတြီးယားတိုက်စစ်မှူး ဖို့ဒ်က ဂိုးဧရိယာ စက်ဝိုင်းထိပ်မှနေပြီး စပါးစ်ကစားသမား ၄ ယောက်လောက် ပိတ်ထားတဲ့ကြားမှ ညာခြေဖြင့်အပြင်းကန်သွင်းခဲ့ရာ စပါးစ် ဂိုးသမားလည်း မကာကွယ်နိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ရရှိခဲ့ပြီး အာဆင်နယ်အမျိုးသမီးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် မြောက်လန်ဒန်ဒါဘီပွဲကို ဦးဆောင်နေခဲ့ပါတယ်။

ပွဲကစားချိန် ၃၈ မိနစ်မှာ စပါးစ် ကစားသမား နယ်ဗယ်ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ အာဆင်နယ် နောက်တန်းကစားသမား မက်ကေ့ဘ်လက်နဲ့ ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်က VAR ပင် ပြန်မကြည့်ပဲ ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

၃၉ မိနစ်မှာ ဒီပယ်နယ်တီကို စပါးစ်တိုက်စစ်မှူး အင်္ဂလန်က ကန်သွင်းယူခဲ့ရာ အာဆင်နယ်အမျိုးသမီး ဂိုးသမား ဒီ-အိန်ဂျလို တွက်ဆမှုမှားခဲ့ပြီး မကာကွယ်နိုင်ခဲ့ပဲ ဂိုးပေးခဲ့ရပါတယ်။ ပထမပိုင်း ၄၅ မိနစ်ပြီးချိန်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် ထပ်မံ ဂိုးမသွင်းယူနိုင်ကြတော့ပဲ အာဆင်နယ်အသင်းက စပါးစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်တာနဲ့ အာဆင်နယ်အမျိုးသမီးအသင်းက တိုက်စစ်မြှင့်ကစားခဲ့ပြီး မိနစ် ၆၀ မှာ စပါးစ်အမျိုးသမီးအသင်းက Final Third ၃ ကြိမ်သာရှိခဲ့ပြီး အာဆင်နယ်အမျိုးသမီးအသင်းက Final Third ၃၇ ကြိမ်ထိ ရှိခဲ့ပါတယ်။

ပွဲကစားချိန် ၆၄ မိနစ်မှာတော့ အာဆင်နယ်အမျိုးသမီးအသင်း ကစားသမား မက်ကေ့ဘ်ကို စပါးစ်အမျိုးသမီးအသင်း နောက်ခံကစားသမား တာနာက ဟန့်တားခဲ့သည့်အတွက် ပယ်နယ်တီစည်းအတွင်းလဲကျခဲ့မှုကြောင့်ကွင်းလယ်ဒိုင်က ပယ်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပယ်နယ်တီကို ၆၆ မိနစ်မှာ ဝါရင့် ကွင်းလယ်ကစားသမား ကင်မ် လစ်တဲလ် ဂိုးရဲ့ ညာဘက်အပေါ်ထောင့်ကို ခပ်ပြင်းပြင်း ကန်သွင်းပြီး အာဆင်နယ်အသင်းအတွက် တတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းနဲ့ တိုက်စစ်အရှိန်ကို မလျော့ချပဲ တောက်လျောက်တိုက်စစ်ဆင်နေခဲ့ရာ ပွဲချိန် မိနစ် ၇၀ မှာတော့ ညာဘက်ခြမ်းက ဗစ်တိုးရီးယား ပီလိုဗာဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ဘက်ခြမ်းက ဖို့ဒ်က ရင်ဘတ်နဲ့ တချက်ထိန်းပြီး ပြန်အကျ စပါးစ် ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းဘက်ကနေပြီး ဂိုးအဖြစ်ကန်သွင်းယူနိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ကွင်းလယ်မှာ လစ်တဲလ်နဲ့ အပေးအယူလုပ်ရင်း ရရှိလာတဲ့ ဘောလုံးကို မာနမ်က ဆွဲယူလာပြီး စပါးစ် ဂိုးဧရိယာအပြင်ထိပ် ခပ်လှမ်းလှမ်းမှ Rocket kick ဖြင့် ကန်သွင်းလိုက်ရာ ဘောလုံးဟာ စပါးစ် ဂိုးပေါက်ရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို တည့်တည့်မတ်မတ် တိကျစွာဝင်သွားခဲ့တဲ့အတွက် နော်ဝေကွင်းလယ်လူအနေနဲ့ အာဆင်နယ်အသင်းအတွက် ယခုပွဲရဲ့ ၅ ဂိုးမြောက် ဂိုးကို ပွဲကစားချိန် ၇၆ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ အပြင် နာကျင်အချိန်ပို ၅ မိနစ်အထိပါ တစ်ဖက်နဲ့ တစ်ဖက် ထပ်မံ ဂိုးမသွင်းယူနိုင်ကြတော့ပဲ ပွဲသိမ်းခရာ မှုတ်ချိန်မှာတော့ အဓိက တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ မီဒမ်မာနဲ့ ဘတ် မိဒ်တို့ မပါဝင်နိုင်သည့်တိုင်အောင် အာဆင်နယ်အမျိုးသမီးအသင်းက စပါးစ်အမျိုးသမီးအသင်းကို စပါးစ်အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ အာဆင်နယ်အမျိုးသမီး တိုက်စစ်မှူး ဖို့ဒ်က ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အမျိုးသမီးအသင်းနေနဲ့ စပါးစ်အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် ပထမ အကျော့ အိမ်ကွင်းပွဲစဉ်မှာလည်း စပါးစ်အမျိုးသမီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားခဲ့တဲ့အတွက် အာဆင်နယ်အမျိုးသားအသင်းနည်းတူ မြောက်လန်ဒန်ပွဲစဉ် နှစ်ခုစလုံးမှာ အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်း ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

ARSENAL MYANMAR
PHOTOS CREDIT