အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တာက ကြီးမားတဲ့ခြေလှမ်းဖြစ်ခဲ့တယ်ဆိုတဲ့ ထရော့ဆာ့ဒ်နဲ့ နောက်ဆုံးရသတင်းများ admin

အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တာက ကြီးမားတဲ့ခြေလှမ်းဖြစ်ခဲ့တယ်ဆိုတဲ့ ထရော့ဆာ့ဒ်နဲ့ နောက်ဆုံးရသတင်းများ

အာဆင်နယ်ကြယ်ပွင့် လီအန်ဒရို ထရော့ဆာဒ်ဟာ သောကြာနေ့မှာ ဆွီဒင်နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မတိုင်ခင် ဇန်နဝါရီလမှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း အမ်းမရိတ်စ်မှာ ဘယ်လို အသားကျအောင် လုပ်ဆောင်ခဲ့လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ဂန်းနားတွေအတွက် ပွဲအများကြီး ကစားပေးရမယ်လို့ မမျှော်မှန်းခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

” ကျွန်တော် မိနစ်အများကြီး ကစားရမယ်လို့ မမျှော်မှန်းထားခဲ့ပါဘူး။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက ကျွန်တော့်ကို နည်းနည်း အကူအညီပေးခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းကြောင့် ပွဲကစားချိန် ပိုရခဲ့တာလို့ ယုံကြည်ပါတယ်။ အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ ပြည့်နေတဲ့ အသင်းကို ကျွန်တော် ရောက်လာခဲ့တယ်။ အဲဒါက ကစားသမားသစ်တွေကို အသားကျဖို့နဲ့ သူတို့ရဲ့အဆင့်အတန်းကို ရောက်ရှိဖို့ ပိုမိုလွယ်ကူစေခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ အရမ်းအလုပ်များပြီး ထူးဆန်းတဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ အဲဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။”

လိဂ်ဖလားကို ရဖို့က ဘယ်လောက်ခက်လဲ ပြိးခဲ့တဲ့နှစ်တွေတုန်းက မန်စီးတီးနဲ့ လီဗာပူးလ်ကို ကြည့်ရင် ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့လူစာရင်းရှိနေပြီး ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ အချိန်တိုင်း ထပ်ခါထပ်ခါ သက်သေပြသနေတယ်လို့ ထင်ပါတယ်။ ၁၀ ပွဲပဲ ကျန်ပါတော့တယ်။ ရာသီကုန်ရင် ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ကြည့်တာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေပေမယ့်လည်း သီယာရီ အွန်နရီရဲ့ စံချိန်ကို လိုက်မီဖို့ တော်တော်လေး လိုနေသေးတာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ယခုရာသီမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ကိန်းဂဏန်း ၂ လုံးအထိ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်က တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ ဆာကာဟာ ယခုရာသီ ၂၈ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားပြီး ရာသီပြီးဆုံးဖို့ ၁၀ ပွဲသာ လိုတော့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္တဝင် တိုက်စစ်မှူး အွန်နရီဟာ ၂၀၀၂-၂၀၀၃ ရာသီတွင်း သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ၂၀၀၄-၂၀၀၅ ရာသီမှာလည်း သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက် အိုဇေးလ်ဟာ အာဆင်နယ်က အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ပြီး တွစ်တာပို့စ်မှာ ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့နေ့ကစပြီး ဂန်းနားကစားသမားဘဝ ပုံ ၆ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ အဲဒီပုံ ၆ ပုံထဲမှာ အက်ဖ်အေဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ပုံတွေ ပါဝင်ခဲ့ပြီး အိုဇေးလ်ဟာ မြောက်လန်ဒန်မှာ အက်ဖ်အေဖလားကို ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအကြိမ်ကတော့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီကုန်မှာ ဖြစ်ပြီး နောက်ထပ်တစ်နှစ်အကြာမှာ ဂန်းနားတွေက အက်စတန် ဗီလာကို ဗိုလ်လုပွဲမှာ သက်တောင့်သက်သာအနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်က ၂၀၁၆ ခုနှစ်တုန်းက လူဒိုဂရက်နဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ သွင်းယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက သွင်းဂိုးပုံကိုလည်း ရွေးချယ်ခဲ့ပြီး ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ဂိုးသမားအပေါ်က ဘောလုံးကို ကျော်ထုတ်ပြီးနောက် နောက်ခံလူ ၂ ဦးကို မြေကြီးပေါ် လူးလှိမ့်နေအောင် လုပ်ခဲ့ပြီးမှ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးပုံကတော့ ကင်ဆာရောဂါဝေဒနာခံစားနေခဲ့ရတဲ့ အာဆင်နယ်ပရိသတ် ကလေးငယ် ချာလီ မစ်ဒယ်တန်နဲ့ပုံဖြစ်ပါတယ်။ အိုဇေးလ်ဟ ၂၀၁၈ ခုနှစ်တုန်းက ချာလီ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အချိန်တုန်းကလည်း လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ပြီး နှုတ်ဆက်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့် သူငယ်ချင်းနဲ့ အာဆင်နယ်အမာခံပရိသတ်ဖြစ်တဲ့ ချာလီဟာ ကာလရှည် တိုက်ပွဲဝင်ခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတာ အရမ်းဝမ်းနည်းစရာသတင်းဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရာမှာ အနားယူပါတော့။ ငါတို့ မင်းကို အရမ်းလွမ်းနေမှာပါ ချာလီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။