အနာဂတ်နဲ့ပတ်သက်လို့ ဖွင့်ဟလာခဲ့ပြီဖြစ်တဲ့ ဘာလိုဂန်
အာဆင်နယ်အသင်းရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ ဟေးအန့်ရဲ့ ထုတ်ကုန်တွေက မဆက်မပြတ်ကို လင်းလက်တောက်ပနေဆဲပါပဲ။
ဒီအကယ်ဒမီကနေ အရည်အသွေးမြင့်ကြယ်ပွင့်တွေ ဆက်တိုက်ထွက်ပေါ်နေပြီး လက်ရှိအသင်းမှာဆိုရင်လည်း ဆာကာ၊ စမစ်ရိုးလ်တို့ဟာ အမာခံကစားသမားတွေ ဖြစ်လာသလို အန်ကီးတီးယား၊ နယ်လ်ဆင်တို့ဟာလည်း အားကိုးနေရပါတယ်။
နောက်နောင်မှာလည်း ဆက်လက်တောက်ပလာဦးမယ့် လူငယ်တွေက တန်းစီနေတာ ဖြစ်လို့ အာဆင်နယ်အတွက်တော့ အားရစရာ ကောင်းနေပါတယ်။ ဒီရာသီမှာတော့ အာဆင်နယ်အသင်းရဲ့ ပြင်ပမှာ ခေတ္တခဏ အတွေ့အကြုံ သွားရှာရင်း အားရစရာ ပုံစံကောင်းတွေ ပြသနေတဲ့ လူငယ်လေးလည်း ရှိပါတယ်။
သိကြတဲ့အတိုင်း ရမ်းစ်အသင်းဆီ အငှားထွက် ကစားနေတဲ့ တိုက်စစ်မှူးလေး ဘာလိုဂန်ပါပဲ။ ပြင်သစ်မြေမှာ အစွမ်းပြနေတဲ့ ကြယ်ပွင့်လေးဟာ ပြင်သစ်လိဂ်ပွဲစဉ် (၂၇) ပွဲ ကစားထားအပြီး သွင်းဂိုး (၁၇) ဂိုးနဲ့ ဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားပါတယ်။
ဒါဟာ အားရစရာ အချက်အလက်နဲ့ မှတ်တမ်းတွေ ဖြစ်တာကြောင့် နောက်ရာသီမှာ နည်းပြ အာတေတာတယောက် ဘာလိုဂန်ကို အခွင့်အရေးပေးတော့မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
တဖက်မှာလည်း အေစီမီလန်လို ကလပ်အသင်းမျိုးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ အသက် (၂၁) သားလေးကိုယ်တိုင်ကတော့ သူ့အနာဂတ်နဲ့ပတ်သက်လို့ အခုလိုပဲ ပြောပြလာပါတယ်။
” ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ လိုအပ်နေပါသေးတယ်။ ဆုံးဖြတ်ချက်က ကျွန်တော်တယောက်တည်း လုပ်လို့မှ မရတာလေ။ ”
” ကလပ်အသင်းဘက်က ကျွန်တော့်အပေါ်ထားရှိတဲ့ အမြင်နဲ့ သဘောထား၊ ဆုံးဖြတ်ချက်ကိုလည်း နားထောင်ရဦးမှာပါ။ အဲဒီနောက်မှာမှ အားလုံး သဘောတူတဲ့ အဖြေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ”
” နည်းပြ အာတေတာက အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သိထားရတာကလည်း အရမ်းကောင်းပါတယ်။ ” လို့ ဘာလိုဂန်က ပြောကြားခဲ့ပါတယ်။
Ref : Sky Sports
- Posted In:
- Players' Talk
- Transfer News