ဘန် ဝှိုက်က ဂေါင်းကြီးလောက်မကောင်းလို့ မရွေးတာလားလို့ မေးခွန်းထုတ်ခံခဲ့ရတဲ့ ဆောက်ဂိတ်
ဘန် ဖော်စတာက ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် ဂါးရတ် ဆောက်ဂိတ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ဘန် ဝှိုက်ကို ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယခုအပတ်မှာ အီတလီ၊ ယူကရိန်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဘန် ဝှိုက်ဟာ အာဆင်နယ်အသင်းနဲ့အတူ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်နောက်ခံကစားသမားဟာ အာတီတာရဲ့အသင်းအတွက် အားကောင်းတဲ့ စွမ်းဆောင်ရည်အများအပြား ပြသခဲ့သူဖြစ်ပြီး ယခုလအစောပိုင်းတုန်းက ဘုန်းမောက်ကို အံ့အားသင့်ဖွယ် နိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်မှာ ဘန် ဝှိုက်က ဂိုးသွင်းယူနိုင်ခဲ့သလို တနင်္ဂနွေနေ့က ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်နောက်ခံလူဟောင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန် လက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပေမယ့်လည်း ပြိုင်ပွဲကာလအတွင်း စည်းကမ်းပိုင်း ပြဿနာတက်ခဲ့ပြီးနောက် အိမ်ပြန်ပို့ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘန် ဝှိုက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးစခန်းထဲမှာ မပျော်မရွှင်ဖြစ်လာပြီး အသင်းဖော်တွေနဲ့ အတူတကွ နေထိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် လက်ထောက်နည်းပြ စတိဗ် ဟော်လန်နဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဖော်စတာက အဲဒီထက်ပိုတဲ့အရာ တစ်ခုခု ဖြစ်ခဲ့လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပြီး တနင်္လလာနေ့မှာ ၎င်းရဲ့ YouTube ချန်နယ်ပေါ်မှာ အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ “အဲဒီမှာ တစ်ခုခုတော့ ဖြစ်ခဲ့ကြတာ သေချာတယ်။ အပတ်တိုင်း သူ ကောင်းကောင်း လုပ်နေတယ်။ သူ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်။ သူ ဂိုးဖန်တီးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်။ သူက တကယ်ကောင်းကောင်း ကစားနေတယ်။ အာဆင်နယ်က အကောင်းဆုံးပုံစံမှာရှိနေပြီး ခင်ဗျားရဲ့ အင်္ဂလန်လူစာရင်းကို သတ်မှတ်တဲ့အချိန်မှာ ဒီလိုမျိုး ပုံမှန်ခြေစွမ်း ပြသနေတဲ့ ကစားသမားတွေကို ရွေးချယ်သင့်တယ်။ ကမ္ဘာ့ဖလားတုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဖြစ်ပြီးသွားပြီ။ ကျွန်တော် အတွင်းကျကျ ဘာမှမသိပါဘူး။ ဒါပေမယ့် တစ်စုံတရာကတော့ အဲဒီမှာ ဖြစ်ခဲ့ပါတယ်။ ဆောက်ဂိတ်က ဟာရီ မက်ဂွိုင်းယားနဲ့ အဲဒီလိုမျိုး ကစားသမားတွေကို ရွေးချယ်နေတယ်။ အဲဒါက မမှန်ပါဘူး။ အဲဒါက အငြင်းပွားစရာပဲ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်ကတော့ အာဆင်နယ်ကြယ်ပွင့် ဘန် ဝှိုက်နဲ့ လီဗာပူးလ်ကြယ်ပွင့် အလက်ဇန်းဒါး-အာနိုးတို့ကို ဘာကြောင့် လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့ပါတယ်။
“ဘန်၊ ထရင့်တို့နဲ့ အလားတူပဲ ညာနောက်ခံတောင်ပံနေရာမှာ ကစားနိုင်တဲ့ ကောင်လေး ၃ ယောက် ကျွန်တော်တို့ဆီမှာရှိနေပြီး သူတို့ ၂ ယောက်ရဲ့ရှေ့မှာ ရှိနေတာမို့လို့ပါ။ ကျွန်တော်တို့က အဲဒီနေရာမှာ အရည်အချင်းတွေ အပြည့်နဲ့ ကောင်းချီးပေးခံခဲ့ရပါတယ်။ အဲဒါက ရွေးချယ်ဖို့ အခက်ခဲဆုံးနေရာပါ။ အဲဒါက ဘယ်တော့မှ ရိုးရှင်းတဲ့ စံနှုန်းမျိုး မဖြစ်ခဲ့ပေမယ့်လည်း အမြဲတမ်း ခြေစွမ်းအပေါ်မှာ အနည်းငယ် အပြောင်းအလဲတွေ ရှိပါတယ်။ ဒါပေမယ့် ကိုင်လီနဲ့ ထရစ်တို့က ကမ္ဘာ့ဖလားတုန်းက ကစားခဲ့ကြတဲ့သူတွေဆိုတာ သိသာပြီး ကမ္ဘာ့ဖလားတုန်းက ပွဲထွက်ကစားခဲ့တယ်။ ခြေစွမ်းပိုင်း တည်ငြိမ်မှု ရှိခဲ့တယ်။ နောက်ထပ် ထိပ်တန်းကစားသမားဖြစ်တဲ့ ရီးစ် ဂျိမ်းစ်ကလည်း ပြန်လာပြီ။ ကျွန်တော်တို့ ကွင်းထဲက နေရာတိုင်းမှာ ဒီလိုမျိုး အရည်အသွေးတွေ ရှိစေချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet